မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ထဲမှာ သြဂုတ် ၁၁ ရက်နေ့က ဝင်ငွေနည်းမိသားစု ၅၇၀ ကျော်အတွက် အလှူရှင်တွေက အခြေခံစားသောက်ကုန် ၅ မျိုးကို ၅၀၀ ကျပ်နဲ့ ရောင်းချပေးသလို လှူဒါန်းထောက်ပံ့တာတွေလည်း ပြုလုပ်ပေးခဲ့ကြတယ်လို့ အလှူရှင်တွေဆီကနေ သိရပါတယ်။
မြိုင်မြို့ပေါ်မှာ ဝင်ငွေနည်းမိသားစု ၃၈၄ စုအတွက် တအိမ်ထောင်ကို ဆန်တစ်ပြည်၊ ဆားတစ်ထုပ်၊ ကြက်သွန်နီတစ်ထုပ်၊ ခဝဲသီးတစ်ထုပ်နဲ့ ခရမ်းချဉ်သီး တစ်ထုပ်ကို ငွေ ၅၀၀ ကျပ်တည်းနဲ့ ရောင်းချပေးခဲ့တယ်လို့ အလှူရှင်တစ်ယောက်က ပြောပါတယ်။
ဒါအပြင် ထနောင်းကုန်းကျေးရွာမှာလည်း နောက်ထပ်အလှူရှင်တစ်ယောက်က ဝင်ငွေနည်း မိသားစု ၁၉၀ အတွက် ဆန်နဲ့ ကြက်သွန်နီတွေ အခမဲ့ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လှူဒါန်းရတာဟာ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိကြတာကြောင့် ပြည်သူက ပြည်သူကို ထောက်ပံ့ပေးရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ လှူဒါန်းပေးတာလို့ ဆိုပါတယ်။