DVB Logo
Home
မြန်မာသတင်း
တော်လှန်ကဗျာဆရာ အောင်ချိမ့်၏ဈာပန ရေဝေးသုသာန်တွင် ကျင်းပ
DVB
·
August 10, 2021
တော်လှန်ကဗျာဆရာ အောင်ချိမ့်၏ဈာပန ရေဝေးသုသာန်တွင် ကျင်းပ
1 / 10
Donate to DVB

ကွယ်လွန်သူ တော်လှန်ကဗျာဆရာ အောင်ချိမ့်ရဲ့ ဂူသွင်းဈာပနကို ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းက ရေဝေးသုသာန်မှာ ဂူသွင်းဈာပန ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့ ကာရံမဲ့ကဗျာ ပုံဖော်သူတွေထဲက ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ကဗျာဆရာအောင်ချိမ့်ဟာ ဩဂုတ် ၉ ရက်နေ့ ညပိုင်းမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင်ဆိုပြီးတော့ မော်ဒန်ကဗျာရေစီးကို ဦးဆောင်ခဲ့သူတွေထဲက ကဗျာဆရာအောင်ချိမ့်ဟာ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

မြန်မာ့ကဗျာရေစီး၊ ခေတ်၊ နိုင်ငံရေး၊ လူ့အဖွဲ့အစည်းအကြောင်းတွေကို တော်လှန်တဲ့ ကဗျာစာသားတွေကြောင့် အောင်ချိမ့်အပါအဝင် ဖော်ဝေး၊ မောင်ချောနွယ်၊ သုခမိန်လှိုင်တို့ လေးယောက်ဟာ တော်လှန်ကဗျာဆရာတွေအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ 

ကဗျာဆရာ မောင်ပြည့်မင်း "ကိုအောင်ချိမ့်က ကျနော်တို့ ကဗျာလောကမှာ မော်ဒန်ကဗျာကို ပထမဆုံးပုံဖော်တဲ့သူထဲမှာ ရှေ့ကပါဝင်တဲ့သူပေါ့။ သူတို့ မောင်ချောနွယ်တို့၊ သုခမိန်လှိုင်တို့က မြန်မာ့ကဗျာအပြောင်းအလဲကို ဦးဆောင်ခဲ့သူတွေလို့ ပြောလို့ရမှာပါပဲ။ ခေတ်ပေါ်ကဗျာရဲ့အစ မော်ဒန်ကဗျာကို ကျနော်တို့ရေးခဲ့ကြတာပါ။ ကိုအောင်ချိမ့်တို့ကတော့ ထိပ်ဆုံးကပေါ့" လို့ ပြောပါတယ်။

ကဗျာဆရာ အောင်ချိမ့်ဟာ အတွေးရှင်း အရေးရှင်းသူဖြစ်ပြီး ယုံကြည်ချက်အပေါ်ထားတဲ့ ခိုင်မာပြတ်သားတဲ့ သူ့စိတ်သဘောကို  သူ့ကဗျာတွေမှာ တွေ့နိုင်ပြီး လူငယ်ကဗျာဆရာတွေက လေးစားအားကျ ချစ်ခင်ရသူလည်းဖြစ်ပါတယ်။ 

ဆရာအောင်ချိမ့်ဟာ အသက် ၁၆ နှစ်သားအရွယ် ၁၉၆၄ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်တစ်နှစ်ခွဲကျခံခဲ့ရသူဖြစ်ပါတယ်။ အာဏာရှင်အစိုးရရဲ့ပညာရေးစနစ်ကို အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။ 

သူ့ကဗျာသက်တမ်းမှာ ဂန္တဝင်မမ၊ အသည်းစွဲကဗျာဆရာ၊ ကပ်ဖကာသို့ ကဗျာစီးရီး၊ ခင်ခင်ပျိုရေစောင့်ခဲ့တယ်  အပါအဝင် ကဗျာအများစုဟာ နာမည်ကျော်ခဲ့ပါတယ်။

ကဗျာဆရာ ဝေးခေါင်က "ဆရာချိမ့်က ကျနော်တို့ မြန်မာကဗျာလောကမှာတော့ ဘုရားပဲလေ။ ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင်ဆိုတာက ကျနော်တို့ ဘုရား ၄ ပါးပေါ့။ ခေတ်ပေါ်ကဗျာရော၊ မော်ဒန်ကဗျာရော၊ ဒီဘက်ခေတ်အထိပေါ့။ ဝမ်းနည်းတဲ့အပိုင်း အစားထိုးမရတဲ့ အပိုင်းတွေရှိတာပေါ့။ ကဗျာဆိုတာ တစ်ယောက်ချင်းစီ အားထုတ်ရတာပေါ့။ လူငယ်မျိုးဆက်တွေလည်းရှိပါတယ်။ ဖော်ဝေး၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့လို ဖြစ်ဖို့တော့ မလွယ်ဘူးပေါ့။ ကဗျာအပိုင်းမှာတော့ သူတို့က လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးသွားပါပြီ။ ဂုဏ်ယူရမယ့် အပိုင်းတွေပဲကျန်ခဲ့ပါတယ်။ ဂုဏ်ယူ အားကျရတယ် ဒါပါပဲ" လို့ ပြောပါတယ်။

ကဗျာဆရာ မျိုးတေဇာမောင်က "ဦးချိမ့်ကတော့ တသက်လုံး ကဗျာတစ်မျိုးတည်းနဲ့ ရပ်တည်သွားတာပေါ့။ စကားပြေလည်းမရေး  ကဗျာတစ်မျိုးတည်းရေးပြီး နေသွားတဲ့ ကျနော်တို့ စံပြကြည့်ရမယ့် ကဗျာဆရာကြီးပါ။ အသက်ကြီးသွားပြီးတော့ လူငယ်မျိုးဆက်နဲ့ ဝေးသွားတဲ့ ကဗျာဆရာမျိုးမဟုတ်ဘူး။ ကျနော်တို့ကဗျာတွေမှာ သူ့ရဲ့အရေးအသားတွေ ပါဝင်နေတဲ့ ကဗျာဆရာပေါ့။ ကျနော်တို့ လူငယ်ကဗျာဆရာတွေမှာ မိဘမဲ့သွားတဲ့ ခံစားမှုမျိုးပေါ့။ ရန်ကုန်မှာဆို ဦးချိမ့်ရှိတယ်၊ ပျဉ်းမနားမှာဆို မောင်သင်းခိုင်ရှိတယ်။ ဒါမျိုးပေါ့။ အားရှိတယ်ပေါ့။ အခုနှစ်ယောက်စလုံးမရှိတော့ဘူး။ မိဘမဲ့သွားသလိုခံစားမှုမျိုး ခံစားရပါတယ်" လို့ ပြောပါတယ်။

၁၉၄၈ခု နှစ်မှာ ကဗျာဆရာအောင်ချိမ့်ကို မွေးဖွားခဲ့ပြီး ၂၀၂၁ ခုနှစ် အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

ကဗျာဆရာအောင်ချိမ့်ဟာ အနုပညာသက်တမ်းတစ်လျှောက်မှာ ကဗျာအမျိုးအစားတစ်မျိုးတည်းကို ရေးသားရပ်တည်ခဲ့သူဖြစ်ပါတယ်။ 

ကဗျာဆရာ အောင်ချိမ့်ဟာ မြန်မာကဗျာလောကအတွက်ရော နိုင်ငံရေးအတွက်ပါ တာဝန်ကျေခဲ့သူဖြစ်တယ်လို့ မိတ်ဆွေအသိုင်းအဝိုင်းက မှတ်ချက်ပေးကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013