DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန် သပိတ်စခန်းဖျက်ဖို့ ရာဇသံကို အာခံ
DVB
·
December 9, 2013
မိကျောင်းကန် သပိတ်စခန်းဖျက်ဖို့ ရာဇသံကို အာခံ
Donate to DVB

သင်္ဃန်းကျွန်းမြို့နယ်တွင်းက တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေး မိကျောင်းကန် အပိုင်း (၁)မှာ ဖွင့်လှစ် ဆန္ဒပြထုတ်ဖော်နေတဲ့ သပိတ်စခန်းကို မဖျက်သိမ်းနိုင်ဘူးလို့ ဆန္ဒပြသမားတွေဘက်က ဆုံးဖြတ်ရပ်တည်လိုက်ကြတဲ့အတွက် အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရအကြား ထိပ်တိုက်တွေ့တော့မယ့် အခြေအနေတရပ်ဆီကို တွန်းပို့လိုက်ပြီဖြစ်ပါတယ်။

၁၃ ရက်ဆက်တိုက် ဆန်ဒပြနေတဲ့ သပိတ်စခန်းကို ဒီကနေ့ ၉ ရက်နေ့ ညနေ ခြောက်နာရီမတိုင်ခင် ရုပ်သိမ်းဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် ကိုင်တွယ်အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တပ်မြို့စည်ပင်သာယာရုံးအဖွဲ့က ရာဇသံပေးထားတာဖြစ်ပြီး ဆန္ဒပြသမားတွေကလည်း မဖယ်ပေးဘူးလို့ ရပ်တည်နေတာပါ။

DSC00536၁၉၉၀ ပြည့်နှစ်ပိုင်းတွေတုန်းက တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရတဲ့ သင်္ဃန်းကျွန်း မိကျောင်းကန်သားတွေက အရင်စစ်အစိုးရလက်ထက်မှာ ပြောခွင့်မရလို့ ရေငုံနှုတ်ပိတ်နေခံရာက အစိုးရသစ်လက်ထက်မှာ ဒီမြေတွေ ပြန်ရဖို့ ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း ၁ ဝေဇယန္တာလမ်းက မြစာရံအေးစေတီအနားမှာ ဖွင့်ထားတဲ့ သပိတ်စခန်းမှာ ဒီမြေတွေကို ပြန်လည်ရရှိရေး ကြွေးကြော်သံတွေကို ဟစ်အော် တောင်းဆိုနေကြတာပါ။

ဆန္ဒပြသမား ကိုစိန်သန်းနဲ့ ကိုထင်ကျော်တို့ နှစ်ဦးကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့ပါတယ်။

ဆန္ဒပြသမားတွေကို လိုက်လံမေးမြန်းချက်အရ ရှစ်လေးလုံးလူထုအုံကြွမှုအပြီး တပ်က အာဏာသိမ်းပြီးတာနဲ့ သူတို့ မြေတွေကို တပ်ပိုင်မြေအဖြစ် ကြေညာပြီး မဖယ်ရင် ဘိုဒူဇာ မြေတူးစက်နဲ့ ထိုးမယ်ဆိုတာကြောင့် တခြားနည်းလမ်း ရွေးခွင့်မရခဲ့ဘူးလို့ ပြောပြကြပါတယ်။

မိကျောင်းကန် အပိုင်း (၁) (၂) (၃) ကို အသုတ်လိုက်ခွဲပြီး ပဲခူးရိုးမတောင်ခြေဘက်နဲ့ မြို့သစ်တွေဘက်ကို ခွဲထုတ်ပို့ဆောင်ခဲ့တာ ခံကြရတယ်လို့ ဆိုပါတယ်။

ဆန်တပြည်ကို ပြား ၇၀ တန်ကြေးရှိတဲ့ခေတ်မှာ အိမ်လိုချင်ရင် ကျပ်ငွေ ၁၅၀၀၊ ၂၅၀၀ နဲ့ ၃၀၀၀ ကျော်ထိ တောင်းခံလို့ လူတွေ အခက်တွေ့ရသလို ပဲခူးရိုးမဘက် ပို့ခံရသူတွေရဲ့ ဘ၀ဖြတ်သန်းမှုကလည်း နောက်ကြောင်းလိုက်ရင် ရင်နာစရာတွေ ပြည့်နှက်နေတယ်လို့ သူတို့က ပြောပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆန္ဒပြခေါင်းဆောင်တွေကို ၈ ရက်နေ့က သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ ခေါ်ယူတွေ့ဆုံပြီး ဂရန်ပေါက်ရင် မြေပြန်ရရေး ဆောင်ရွက်ပေးမယ်လို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီခေတ်ကာလက ဂရန်ပေါက်မြေတွေဆိုတဲ့ အသုံးမတွင်ကျယ်သေးတာကို ဆန္ဒပြသမားတွေက တုံ့ပြန်သလို တပ်က အဆောက်အဦဆောက်တာရော ဘယ်ဂရန်နဲ့ ဆောက်ပါသလဲလို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲက အသက် ၇၃ နှစ်အရွယ် အဖွားအိုက အကြမ်းဖက်နှိမ်နင်းလို့ ကားလမ်းပေါ်ကို ဒရွတ်တိုက်ဆွဲခံရလည်း အသေခံသွားတော့မယ်လို့ ငိုကြီးချက်မနဲ့ ပြောဆိုပါတယ်။

မနေ့ကတော့ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွှန့်နဲ့ ဆန္ဒပြသမားတွေ တွေ့ဆုံချိန်မှာ ဦးသိန်းညွှန့်က ဆီးဂိမ်းကာလမှာ သပိတ်စခန်းကို ယာယီရပ်နားဖို့ တိုက်တွန်းလိုက်ပြီး သွေးထွက်သံယိုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သတိပေးပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013