DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ၂ ဦး လွတ်ရက်စေ့သဖြင့် ပြန်လွတ်
DVB
·
August 9, 2021
မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ၂ ဦး လွတ်ရက်စေ့သဖြင့် ပြန်လွတ်
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ၁ နှစ်လောက်ကြာအောင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့  မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က  ကိုသန်းတိုးအောင်နဲ့ ကိုဆန်းလင်းကိုတို့ နှစ်ဦး ချုပ်ရက်စေ့လို့ သြဂုတ် ၉ ရက် မနက် ၇ နာရီမှာ မိတ္ထီလာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

ရုံးပိတ်ရက်ရှည်ကြောင့် ပုံမှန်လွတ်ရမယ့်ရက်ထက် စောလွတ်ခဲ့ပြီး  ၁၁ လပြည့်ဖို့ ၇ ရက်အလိုမှာ အကျဥ်းဦးစီးက လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

ပြန်မလွတ်ခင် ရက်ပိုင်းမှာ ထောင်တွင်းဆန္ဒပြစည်းရုံးမှုကြောင့် တစ်လထပ်တိုးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုဆန်းလင်းကိုက "အကျဥ်းဦးစီးက မလွတ်ခင် ခေါ်မေးပါတယ်။  တစ်လတိုးတဲ့  သတင်းကလွဲနေတယ် ဖြေရှင်းပေးပါဆိုပြီး။ နောက်ထပ်ထောင်ထဲ ပြန်မဝင်အောင်နေပါဆိုပြီးလည်း မှာလိုက်ပါတယ်။  ထောင်ထဲမှာ နေရထိုင်ရတာ အဆင်မပြေတာ မရှိပါဘူး။သဟဇာတဖြစ်အောင် နေရတာပေါ့။ ကျနော်တို့က အချုပ်ကာလက ၇လထိ ဖြစ်သွားတယ်။ တရားရေးရင်ဆိုင်ရတာက ခက်ခဲတယ်။  တရားရေးမှာ မြန်မြန်ဖြတ်လို့ရရဲ့သားနဲ့ တမင်ညှဉ်းတယ်လို့ထင်တယ် ။ ထောင်ထဲမှာကတော့ အချုပ်ဆောင်မှာ နေရတယ်။   ထောင်ပိုင်က ကျောင်းသားတွေဆိုကပြီးငဲ့တယ်။ မနှိပ်စက်ဘူး။ '' လို့ ပြောပါတယ်။

အခုအချိန် ရခိုင်မှာ အပစ်အခတ်ရပ်စဲ စစ်ပွဲတွေရပ်သွားတဲ့အတွက် ပေးဆပ်ခဲ့တာ  တန်တယ်လို့ထင်တဲ့အကြောင်း ရခိုင်မှာလည်း အေးဆေးအနေအထားဖြစ်သွားလို့ ရာခိုင်နှုန်းတဝက်လောက်ဝမ်းသာမိတယ်လို့လည်း ဆိုပါတယ်။ 

ကိုသန်းတိုးအောင်က ''တစ်လတိုးတဲ့ကိစ္စကတော့  ပြောရင်းဆိုရင်း စကားကားသွားတယ်လို့ ထင်တယ်။ နွေဦးတော်လှန်ရေးမှာ အဖမ်းခံရတဲ့ လူငယ်တွေကိုတော့ ထောင်ထဲမှာ နိုင်ငံရေး ဆောင်ဆိုပြီး သက်သက်ခွဲထားတယ်။ ကျနော်တို့နဲ့ သွားရင်းလာရင်းလောက်ပဲ တွေ့မိတယ်။ သူတို့လည်း ထောင်ထဲရောက်တာနဲ့ အနှိပ်စက်မခံရဘူး။  အဆင်ပြေပြီး အေးအေးဆေး ဆေးဖြစ်နေကြပါတယ်။'' လို့ပြောပါတယ်။

ကိုဗစ်ကာလ ရခိုင်အရေးလှုပ်ရှားမှုကြောင့် ဖမ်းတဲ့ကိစ္စမှာ  ဖမ်းတဲ့အစိုးရက မှားတယ်လို့ လည်း ကိုသန်းတိုးအောင်က ပြောပါတယ်။

“ကျနော်တို့ အထဲမှာ ရှိနေတုန်းက ဒေါက်တာဇော်မြင့်မောင်နဲ့ အနေနီးတဲ့သူက ပြောတယ်။ ကျနော်တို့က သူတို့အစိုးရကို  အပြစ်တင်တဲ့အခါ သူတို့အစိုးရက ဖမ်းတာမဟုတ်ပါဘူးလို့ ပြောတယ်။  ဒါပေမဲ့ ဒီကိစ္စတွေအားလုံးပြီးသွားရင် နိုင်ငံရေးလှုပ်ရှားတဲ့ကျောင်းသားတွေကို ဖမ်းဖို့ ဘယ်သူလုပ်တာလဲဆိုတာ ရှင်းပေးမယ်လို့ပြောတယ်။”

ပြန်လွတ်လာပြီးနောက် လက်ရှိအပြင်မှာဖြစ်နေတဲ့ နွေဦးတော်လှန်ရေးကိစ္စတွေကို မသိသေးတာကြောင့် အရင်ဆုံးလိုက်မီအောင်ကြိုးစားရဦးမှာ ဖြစ်ပြီး တော်လှန်ရေး ဆက်လုပ်သွားမယ်လို့  ကျောင်းသား နှစ်ဦးက ပြောပါတယ်။

ရခိုင်အရေးကြောင့် အတူတူအဖမ်းခံလိုက်ရတဲ့ ကိုအောင်သူဟိန်းကလည်း ပိတ်ရက်ရှည်နဲ့တိုက်ရင် နောက်တစ်ပတ်ထဲလွတ်လာမယ်လို့ သိရပါတယ်။

ရခိုင်အရေးလှုပ်ရှားမှုတွေကြောင့် ကိုသန်းတိုးအောင် ၊ ကိုဆန်းလင်းကိုနဲ့ ကိုအောင်သူဟိန်းတို့ကို   ၂၀၂၀ စက်တင်ဘာ  ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့ပြီး  ကိုနေရဲစိုး ခေါ် ကိုဏေဝင်းကိုတော့ စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ကိုသန်းတိုးအောင်နဲ့ ကိုအောင်သူဟိန်းဟာ မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသားတွေဖြစ်ပြီး ကိုဆန်းလင်းကိုဟာ သမိုင်းအဝေးသင် ပထမနှစ်နဲ့  ကိုနေရဲစိုးက အင်္ဂလိပ်စာ တတိယနှစ်ကျောင်းသား တွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013