DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးနေ့ အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
DVB
·
December 9, 2013
လူ့အခွင့်အရေးနေ့ အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပ
Donate to DVB

၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်မှာ ဒီနေ့  စတင်ကျင်းပနေပါတယ်။

လူ့အခွင့်အရေးဟာ လူတိုင်းရဲ့ အရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်တွင်းက  လူ့အခွင့်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေ၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၂၀ကျော် ပူးပေါင်းပြီး ဒီအခမ်းအနားကို ကျင်းပနေတာပါ။

[caption id="attachment_48041" align="alignleft" width="300"]ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိန်းရှောင်နေတဲ့ ကချင်ပြည်သူများအား  စစ်ဘေးဒုက္ခသည် စခန်းတခုအတွင်း တွေ့မြင်ရစဉ် ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိန်းရှောင်နေတဲ့ ကချင်ပြည်သူများအား စစ်ဘေးဒုက္ခသည် စခန်းတခုအတွင်း တွေ့မြင်ရစဉ်[/caption]

အခမ်းအနားမှာ ပါဝင်တက်ရောက်လာသူတွေက အလုပ်ရုံဆွေးနွေးပွဲပုံစံမျိုး အကြောင်းအရာ ၈ ခုခွဲ ဆွေးနွေးနေကြတာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ကလေးအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မသန်စွမ်းသူများ အခွင့်အရေး လိင်တူချစ်သူများ အခွင့်အရေးကိစ္စရပ် ၄ ခုကို ဆွေးနွေးခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ လယ်သမားအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအခမ်းအနား ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး  ပြည်တွင်းမှာ လူ့အခွင့်အရေးပညာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ညီမျှခြင်း မြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

“ဆွေးနွေးပွဲ အခမ်းအနား ကျင်းပရုံတင်မကပဲနဲ့ အလွှာဒေသ အသီးသီးက အကြောင်းအရာ ၈ ခုက လူတွေကို ကျနော်တို့ စုစည်းပြီးတော့ သူတို့ရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သူတို့ ကိုယ်တိုင် ဆွေးနွေးတိုင်ပင်ပြီးတော့ အစိုးရကို တင်ပြနိုင်တဲ့ အနေအထားမျိုး ဆက်လက် ဖန်တီးပေးထားတဲ့အတွက် ဒီဟာက အခမ်းအနားကျင်းပတာထက် ပိုပြီးတော့ လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်မှုကို ပုံဖော်နိုင်တဲ့အတွက် တကယ့်ကို ကောင်းတဲ့ အချက်လို့ ကျနော်မြင်ပါတယ်။”

အရင်နှစ်တွေကတော့ ဒီလိုပွဲမျိုးကျင်းပနိုင်ဖို့ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် အခုတော့ ကျင်းပဖို့ ခွင့်ပြုချက်တွေရခဲ့သလို တချို့ဒေသတွေမှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့  လက်ရှိ လူအခွင့်အရေး အခြေအနေကိုလည်း ဦးအောင်မျိုးမင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

“တချို့အချက်တွေက ပြောမယ်ဆိုရင် တလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့ ပုံစံမျိုးဖြစ်နေတာ ထောက်ပြချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်ပြီး အခြေခံ အခွင့်အရေးတရပ်အနေနဲ့ ဖော်ပြထားပြီးသားပါ။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်ကို ကျင့်သုံးလို့ ပုဒ်မ ၁၈ နဲ့ အဖမ်းခံထိတဲ့ နောက်ပိုင်းအမှုတွေ ထပ်ရှိနေတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေတွေ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကြောင့်မို့လို့ အပစ်စီရင်ဒဏ်ခံဖို့ စောင့်စားနေရတဲ့အဖြစ်က အရှေ့က အခွင့်အရေး ပြထားပေမယ့် နောက်မှာ ပစ်မှုတခုအနေနဲ့ ပြန်လည် ဖမ်းဆီးမှုဖြစ်နေတဲ့ ပြဿနာတွေ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက မြေယာ သိမ်းဆည်းမှုတွေ ပြဿနာတွေ အခုအချိန်အထိ ဖြစ်ပေါ်နေပေမယ့် အကောင်အထည်ဖော် အရေးယူနိုင်တဲ့အဆင့်ကို ပူးပေါင်းနိုင်တဲ့သူတွေက ပူးပေါင်းနိုင်သင့်သလောက် မပူးပေါင်းတဲ့ အတွက် ဒီအချက်အလက်တွေကို ဆက်လက် ချိုးဖောက်မှုတွေ ရှိနေတုန်းပဲ။ တချိန်တည်းမှာတင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် ဆိုးရွားနေတဲ့ အခြေအနေက သတင်းစာတွေ မီဒီယာတွေက အများကြီး ပါနေတုန်းပဲ။ အဲဒီတော့ တိုးတက်လာသလို ရှိပေမယ့် တကယ်တမ်းကြရင် တိကျတဲ့ အကာအကွယ်ပေးမှုတွေ အားနည်းနေတုန်းပဲ။”

ဒီဇင်ဘာ ၁၀ ရက်နေ့မှာလည်း ရန်ကုန်မှာ လူ့အခွင့်အရေး အခမ်းအနား ဆက်လက်ကျင်းပသွားဖို့ ရှိသလို မကွေး၊ ကသာ၊ လွိုင်ကော်၊ သာဂရ၊ ဥသျှစ်၊ ပေါင်၊ ကလေး စတဲ့မြို့တွေမှာ လည်းဒီအခမ်းအနားကို ကျင်းပသွားဖို့ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနေ့ကို သွားတက်ရောက်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက  ဦးမြအေးကတော့ တိုင်းရင်းသားတွေရဲ့ ဘ၀ကို စာနာတဲ့အတွက် အခုလို သွားတက်ရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ လူ့အခွင့်အရေးဆိုမှတော့ လူမျိုးရေးအရခွဲခြားမှုတွေ၊ လူမျိုးရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူမျိုးရေးအရ ကန့်သတ်ထားမှုတွေ အကုန်လုံးမရှိရဘူးလို့ ကျနော်နားလည် ထားတယ်ခင်ဗျ။ အထူးသဖြင့် ကချင်ဒေသမှာ စစ်ဖြစ်နေတာ အားလုံးအသိပါ။ ဒီမှာ တိုင်းရင်းသားတွေရဲ့ နစ်နာဆုံးရှုံးနေတဲ့ အခွင့်အရေးတွေဟာ လူမျိုးရေးအရ ခွဲခြားခံရလို့ဆိုတာ ထင်ရှားနေတယ်။ အထူးသဖြင့် ကချင်ပြည်နယ် လူ့အခွင့်အရေးနေ့ကို သွားတက်ရောက်တဲ့ အကြောင်းအရင်းက တိုင်းရင်းသားတွေရဲ့ ဘ၀ကို စာနာလို့ဖြစ်တယ်၊ ထောက်ထားလို့ဖြစ်တယ်၊   နောက်တခုက ကျနော်သူတို့နဲ့ တတန်းတစားတည်း ဖြစ်တယ်၊ အတူတူပဲ ဖြစ်တယ်ဆိုတာ ပြသချင်လို့ ဖြစ်တယ်ခင်ဗျ။”

လူ့အခွင့်အရေးနေ့ အခမ်းအနားတွေမှာ  မြန်မာပြည်မှာ လက်ရှိ  လူ့အခွင့်အရေးချိုးဖောက်မှု ဘာတွေ အဓိက ရှိနေသလဲ၊ အစိုးရအနေနဲ့ ဘာတွေ လုပ်သင့်သလဲဆိုတာတွေကို ဦးတည်ဆွေးနွေးမှုတွေ လုပ်နေတာဖြစ်ပြီး ဆွေးနွေးပွဲက ရလာတဲ့ အချက်အလက်တွေကို စုဆောင်းကာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ္ဂ တာဝန်ရှိသူတွေဆီ တင်ပြသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013