DVB Logo
Home
မြန်မာသတင်း
ရွှေလီစက်မှုဇုန်တွင် မြန်မာလုပ်သားအချို့ နေရပ်ပြန်ခွင့်မရသဖြင့် အခက်အခဲဖြစ်နေ
DVB
·
August 9, 2021
ရွှေလီစက်မှုဇုန်တွင် မြန်မာလုပ်သားအချို့ နေရပ်ပြန်ခွင့်မရသဖြင့် အခက်အခဲဖြစ်နေ
Donate to DVB

ရွှေလီမြို့က ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး စက်မှုဇုန်မှာ ကျန်းမာရေးကြောင့် အလုပ်နားထားရတဲ့သူ အပါအဝင် အလုပ်ထွက်ထားတဲ့ မြန်မာလုပ်သားအချို့ ပြန်ခွင့်မရတာကြောင့် ဆေးခန်းပြဖို့နဲ့ စားသောက်ဖို့ အခက်အခဲကြုံနေကြတယ်လို့ ကာယကံရှင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတဦးက “ကျနော်တို့ ကျန်းမာရေးကြောင့် အလုပ်က နားလိုက်တာပါ။ ၇ လပိုင်း ၂၅ နေ့ကတည်းကပါ။ လကုန်ရင်ပို့မယ်ပြောပြီး အခုထိ ပြန်မရသေးတာ။ ကျနော်တို့ မိန်းကလေး ၄ ယောက်၊ ယောက်ျားလေး ၁ ယောက်၊ ၅ ယောက်ပါခင်ဗျ။ မိန်းကလေး လေးယောက်က ဦးထုပ်စက်ရုံ၊ ကျနော့်အလုပ်က လီဟန် လျှပ်စစ်ကွိုင်စက်ရုံပါ။ သူတို့က ၆ လပိုင်းကုန် ၇ လပိုင်းမှာ ထွက်စာတင်ထားပြီးတော့ ၇ လပိုင်းကုန်တော့ သူတို့က ထွက်လိုက်တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံပြန်ဖို့ အလုပ်ရှင်နဲ့ ရဲစခန်းကို ပြောပါက ပြန်ပို့ပေးမယ်  ပြောထားပေမယ့် ရုံးရှေ့ကို လာရောက်ပါက မောင်းထုတ်ခံရပြီး ၉ ရက်ထိ ကြာလာတာကြောင့် စားသောက်နေထိုင်ဖို့ ခက်ခဲနေတဲ့အပြင် လပေါင်းကြေးတွေလည်း မရဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံဝင်း အပြင်မှာ ဆေးခန်းပြရမယ်ဆိုပါက တစ်ရက် ကြိုတင် စာတင်ရပြီး ထောက်ခံစာပေးမှ ဆေးခန်းသွားခွင့်ရကာ အသွား၊ အပြန် ကန့်သန့်ချိန်ကျော်လွန်ပါက ရွှေလီမှာ အိပ်ရတဲ့အပြင် ဆေးရုံက ပိုးမရှိကြောင်း ထောက်ခံစာပါမှ ပြန်ဝင်ခွင့်ရတယ်လို့ ဆိုပါတယ်။

“ကျနော် လုပ်တဲ့နေရာက ကွိုင်တွေကို ခဲဆော်တာဆိုတော့ ညှော်ခဲငွေ့ရှူမိတာ။ ညှော်တွေကြောင့် ရင်တွေကျပ်ပြီးတော့ အသက်ရှူလို့ မဝဘူး။ ကျနော့်ကို ဆေးခန်းပို့ပေးဆိုတော့ Lockdown ရှိလို့ ရွှေလီမြို့ထဲပို့လို့ မရဘူးတဲ့။ ဝင်းထဲက ဆေးခန်းကလည်း အဲဒီအချိန်ကျတော့ စနေ၊ တနင်္ဂနွေတိုင်း ဆေးခန်းမဖွင့်တော့ ဆေးခန်းလည်း မပြရဘူး။ အဲဒါနဲ့ ကျနော်က ပြန်မယ်ဆိုပြီးတော့ အလုပ်နားလိုက်တာ။ အဆိုးဆုံးက ကျနော်က နှလုံးမကောင်းလို့  ကျန်းမာရေးအတွက် ဆေးခန်းပြဖို့တောင်မလွယ်ဘူး ဖြစ်နေတယ် ဒီမှာက။” 

အလုပ်ထွက်လိုက်လို့ စက်ရုံက ထမင်းမကျွေးတော့တာကြောင့် အစားအသောက်ခက်ခဲနေပြီး အသိဝန်ထမ်းတွေက ညနေပိုင်း သူတို့စားမယ့်ထဲက မသိအောင် ယူလာပေးတာ စားနေရတာကြောင့် ရက်ကြာလာတော့ အဆင်မပြေဘူးလို့ ပြောပါတယ်။

KENBO စက်ရုံ၊ အုပ်ထုပ်စက်ရုံ၊ Fancy စက်ရုံ၊ မိုက် စက်ရုံ၊ Box စက်ရုံ၊ နားကြပ် စက်ရုံ၊ ကွိုင်စက်ရုံ၊ ဆိုင်ကယ်စက်ရုံ၊ ပန်းကန်ပြားစက်ရုံ၊ တစ်ရှူးစက်ရုံ  စသဖြင့် စက်ရုံ ၂၀ ကျော်ရှိကာ မြန်မာလုပ်သား ၇၀၀၀ ကျော် ရှိပါတယ်။

အဲဒီစက်မှုဇုန်ဝင်းထဲမှာ ပြီးခဲ့တဲ့ ဆောင်းဦးအချိန်လောက်က Sound box နဲ့ မိုက်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့  အသက် ၂၀ အရွယ် ရခိုင်အမျိုးသမီးငယ်တစ်ယောက် ဆေးခန်းသွားဖို့ အခုလို ခက်ခဲတာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013