DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံ လာမည့်အပတ် ကျင်းပမည်
DVB
·
December 9, 2013
ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံ လာမည့်အပတ် ကျင်းပမည်
Donate to DVB

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယအကြိမ် ညီလာခံကို ဒီဇင်ဘာ တတိယအပတ် ကရင်အမျိုးသားအစည်းအရုံးရဲ့ ဌာချုပ်ရှိရာ  လေးဝါး(ခေါ်) လော်ဃီးလာမှာ ကျင်းပဖို့ ရှိနေပါတယ်။

အစိုးရက  ပြင်ဆင်ထားတဲ့  တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြား ညှိနှိုင်းဆွေးနွေးကြမယ့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို  ကရင်ပြည်နယ်မှာ  ကေအန်ယူက ဦးဆောင်ကျင်းပဖို့ ရှိနေတာ ဖြစ်ပါတယ်။

[caption id="attachment_48026" align="alignleft" width="300"]လိုင်ဇာမြို့တွင် ပထမအကြိမ် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ညီလာခံကျင်းပစဉ် လိုင်ဇာမြို့တွင် ပထမအကြိမ် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ညီလာခံကျင်းပစဉ်[/caption]

ညီလာခံကို လာမယ့် ဒီဇင်ဘာ ၁၇ ကနေ ၂၅ ရက်နေ့ကြား ကျင်းပဖို့ ပြင်ဆင်ထား တယ်လို့  ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီဇင်ဘာလအတွင်း ၁၇ နဲ့ ၂၅ ရက်နေ့ကြားမှာ ကျင်းပဖို့ ယေဘုယျ သတ်မှတ်ထားတာတော့ ရှိတယ်။ ဒါပေမယ့် အခြား အဖွဲ့အစည်းတွေနဲ့ ပြန်ညှိရမှာပေါ့နော်။ ကျနော်တို့ ကေအန်ယူ ညီလာခံတို့ အစည်းအဝေးပွဲတို့ ကျင်းပတဲ့နေရာမှာပဲ ကျင်းပမယ်။ ”

ပထမကြိမ် လက်နက်ကိုင်တိုင်းရင်းသားညီလာခံကိုတော့ ကချင်လွတ်လပ်ရေးတပ်မ တော်က ဦးဆောင်ပြီး  ကေအိုင်အိုဌာနချုပ်ရှိရာ  လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ လိုင်ဇာညီလာခံမှာ  တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဘုံသဘောတူညီ ချက် ၁၁ ချက် ချမှတ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီသဘောတူညီချက်တွေထဲမှာ     စစ်မှန်တဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ဖို့၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့၊   အပစ်အခတ်ရပ်စဲရေး အပါအ၀င် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ချုပ်ဆိုထားတဲ့  သဘောတူညီချက်တွေကို ထပ်မံ အတည်ပြုဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပူးတွဲကော်မတီ ဖွဲ့စည်းဖို့နဲ့  မတရားအသင်း ပယ်ဖျက်ရေး စတာတွေ ပါဝင်ပါတယ်။

လိုင်ဇာဆွေးနွေးပွဲက ရလာတဲ့ ဘုံသဘောတူညီချက်တွေအရ   တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေဟာ  နိုဝင်ဘာ ၄ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ ထပ်မံ ဆွေးနွေးခဲ့ပါတယ်။

မြစ်ကြီးနား ဆွေးနွေးပွဲမှာတော့   တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး တွေဆုံဆွေးနွေးပွဲတွေ ကျင်းပသွားဖို့  အစိုးရနဲ့ တိုင်းရင်းသားတွေအကြား  သဘောတူညီချက်ရ ရရှိခဲ့ပြီး  ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့မှာ ပြန်လည် တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်အရ ဒီဇင်ဘာလအတွင်းမှာ အစိုးရနဲ့ တွေ့ဆုံနိုင်မှာ မဟုတ်ဘဲ ဇန်န၀ါရီလမှ တွေ့ဆုံနိုင်လိမ့်မယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“လာမယ့်  တိုင်းရင်းသားညီလာခံကျင်းပဖို့အတွက် ကျနော်တို့က တာဝန်ယူရတာပဲ ရှိတယ်။ ဒီ ဘားအံအစည်းအဝေးပွဲ နဲ့ ပတ်သက်တာကြတော့ ကျနော်တို့အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်ထဲမှာတော့ မရှိဘူးပေါ့နော်။ အခြေအနေတွေ ပြန်သုံးသပ်တဲ့အပေါ်မှာ ဒီဇင်ဘာလအတွင်းမှာ ဖြစ်နိုင်ခြေအလားအလာတော့ နည်းပါတယ်။ လာမယ့်နှစ် ဇန်န၀ါရီလ အတွင်းမှာ ဖြစ်လာမယ်လို့တော့ ခန့်မှန်းတာပေါ့နော်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာက  ဦးလှမောင်ရွှေကလည်း  ဘားအံမှာ ကျင်းပမယ့်  ဆွေးနွေးပွဲအတွက် ရက် သတ်မှတ်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဘက်ကတော့ ရက်ရွှေ့တယ် ဆိုတာလည်း မရှိသေးသလို၊ ဘားအံ ဆွေးနွေးပွဲ စောင့်နေတာပဲ ရှိပါတယ်။ ကျနော်တို့ နားလည်တာတော့ တိုင်းရင်းသားတွေ ဘက်ကလည်း အန်စီစီတီ လိုအဖွဲ့တွေ ဖွဲ့ထားပြီး ပြင်ဆင်နေတယ်။ သူတို့ ပြင်ဆင်ပြီးလို့ရှိရင် ကေအန်ယူ နယ်မြေထဲမှာ သူတို့ အရင်ဆုံး တွေ့ကြမယ်။ တွေ့ပြီးတော့မှ ဘားအံဆွေးနွေးပွဲကို လာမယ်လို့ ကျနော်တို့ နားလည်တယ်။ အခုအချိန်အထိတော့ ကျနော်တို့ကို ဘယ်နေ့ဘယ်ရက်မှာ ဆွေးနွေးပွဲ လုပ်ဖို့ဆိုပြီး အခုအချိန်အထိ ကျနော်တို့ကို အဆိုပြုထားတာ မရှိသေးဘူး။  ကျနော်တို့လည်း စောင့်နေပါတယ်။ တိုင်းရင်းသားတွေဘက်က ပြင်ဆင်နေဆဲဖြစ်တဲ့အတွက် ကေအန်ယူ နယ်မြေထဲမှာ လုပ်မယ့်ပွဲကို ဘယ်နေ့ဆိုတာတောင် ရက်မသတ်မှတ်နိုင်သေးတဲ့အတွက် ကျနော်တို့ဘက်ကလည်း လောလောဆယ်တော့ ဘယ်ရက်ဆိုတာကို ပြောဖို့ ခက်တယ်ဗျ။”

ကေအန်ယူနယ်မြေမှာ ကျင်းပမယ့်  ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ညီလာခံမှာတော့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ရောက်နိုင်အောင် ဖိတ်ခေါ်ထားတယ်လို့  ကေအန်ယူက ပြောပါတယ်။

ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှ   အဓိပ္ပာယ် ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက်  တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013