DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၆၄ သန်းကျော် လျော့ကျသွား
DVB
·
August 7, 2021
တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၆၄ သန်းကျော် လျော့ကျသွား
Donate to DVB

တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ပမာဏ ပြီးခဲ့တဲ့  ဘဏ္ဍာနှစ်ကထက် အမေရိကန် ဒေါ်လာ ၇၆၄ သန်းကျော် လျော့နည်းကျဆင်းသွားပါတယ်။ 

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ  ဇွန်လအထိ (၉လတာကာလအတွင်း) မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၁၅ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၆၇၉ ဒသမ ၉ သန်းကျော် ရရှိခဲ့တာပါ။ 

ဒါကြောင့် အဆိုပါကာလတူနှစ်ခုရဲ့ကုန်သွယ်မှုခြားနားချက်ကိုကြည့်ရင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ယခင်နှစ်ကထက် ဒေါ်လာ ၇၆၄ သန်းကျော် လျော့ကျမှုရှိတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနဲ့အတူ သေဆုံးမှုနှုန်း မြင့်တက်လာတာကြောင့်  ဇူလိုင် ၈ ရက်ကစလို့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ယူနန်ပြည်နယ်အစိုးရက  ပိတ်လိုက်တာပါ။ 

ဒီအကျိုးဆက်အဖြစ် နှစ်နိုင်ငံ ကုန်သွယ်မှုကျဆင်းသွားတာ ဖြစ်သလို တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ်အားထားနေရတဲ့ မြန်မာ ပို့ကုန်လုပ်ငန်းတွေအပေါ်  သက်ရောက်မှု များစွာရှိလာပါတယ်။

တစ်လကျော်ကြာ ပိတ်ခံထားရတဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့  တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် အားပြုနေရတဲ့ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လိုလားနေကြပါတယ်။

မူဆယ်နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက “ပို့ကုန်လုပ်ငန်းမှာတော့ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းက တရုတ်နယ်စပ်လမ်းကြောင်း တွေ ပိတ်လိုက်တဲ့ အခက်အခဲပါ။ ဆန်စပါးဆိုရင်လည်း တဝက်လောက်က တရုတ်နယ်စပ်ဘက်က သွားတာ။ ကျန်တဲ့နယ်စပ်ထွက်ကုန်တော်တော်များများကလည်း (ရေထွက်ကုန်၊သစ်သီးဝလံ၊ ရော်ဘာ) တရုတ်နယ်စပ်ကပဲ သွားတာလေ။ ဒါကြောင့် ကျနော်တို့ရဲ့ အဓိကသက်ရောက်မှုက တရုတ်နယ်စပ်ပိတ်လိုက်တာက တော်တော်ကြီးမားတယ်။ ဒုတိယအချက်က ကိုဗစ်ကြောင့် ကွန်တိန်နာစျေးတွေက ၂ဆ၊ ၃ဆ တက်သွားတယ်။အအေးခန်းကွန်တိန်နာတွေဆို ရဖို့ ပိုခက်တယ်။ အခုတွေ့နေရတဲ့ ပြဿနာကိုဖြေရှင်းဖို့ဆိုရင် တရုတ်နယ်စပ်လမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်လာဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးဖို့ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့မှ ပို့ကုန်လုပ်ငန်းရှင်ကြီတစ်ဦးက “အဓိကကတော့ နှစ်ဘက် ညှိနှိုင်းရမှာပေါ့။ အခုပိတ်တယ်ဆိုတာကလည်း ကိုဗစ်ကြောင့် စိုးရိမ်ပြီး ပိတ်တဲ့သဘောပဲ။ ကျနော် မြင်တာက ကုန်သွယ်မှုက ဘယ်တိုင်းပြည်မှ မပိတ်ဘူးလေ။ ဥပမာ ထိုင်းဆိုရင် ဒီအတိုင်းသွားနေတာဘဲ။ အိန္ဒိယလည်း အလားတူ သွားနေတာဘဲ။ နှစ်နိုင်ငံပြန်ညှိပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့ အစိုးရချင်း သွားရမယ် ထင်တယ်။ ဒီဘက်မှာတော့ ကြိုးစားနေတယ်လို့ ကျနော်တို့ ကြားရတယ်။ တရုတ်သံအမတ်တို့ ဘာတို့နဲ့ တွေ့ပြီးတော့ပေါ့။ ဒါပေမဲ့ အခုထိတော့ အဖြေမရသေးဘူး” လို့ ပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ (၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင်လ ၉ ရက်အထိ) မြန်မာပို့ကုန်တင်ပို့မှုက မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၂၄၁၈ ဒဿမ ၂၁ သန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၁၇၃ သန်း၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၄၅ ဒဿမ ၈၁ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၆၆ ဒဿမ ၄၅ သန်း တင်ပို့ထား တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။

ဒါဟာ မြန်မာ-တရုတ် နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဇုန်တွေကတဆင့် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၂၀၃ သန်းကျော်အထိ တင်ပို့ထားဖြစ်တာကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေက အရေးပါတယ် ဆိုတာ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်စဉ်နယ်စပ်ကုန်သွယ်မှုပမာဏကိုကြည့်ရင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က စုစုပေါင်းနယ်စပ်ကုန်သွယ်မှု ပမာဏရဲ့ ၇၅ ရာခိုင်နှုန်း ရှိနေပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်က ၁၅ ရာခိုင်နှုန်းနဲ့ ဒုတိယအဆင့်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013