DVB Logo
Home
Lead Story
ပါကစ္စတန်ကျောင်းများတွင် လူ့အခွင့်အရေး သင်ကြားပေးမည်
DVB
·
December 9, 2013
ပါကစ္စတန်ကျောင်းများတွင် လူ့အခွင့်အရေး သင်ကြားပေးမည်
Donate to DVB

၂၀၁၅ ခုနှစ်ကစပြီး ပါကစ္စတန်ကျောင်းတွေမှာ လူ့အခွင့်အရေးကို ဘာသာရပ်တခုအဖြစ် အဖြစ် သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

စစ်သွေးကြွတွေ ခွဲထွက်ရေးဝါဒီတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကာလ ရှည်ကြာ နာကျင်ခံစားခဲ့ရတဲ့ ဆင်းပြည်နယ်မှာ ပထမဆုံး စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

[caption id="attachment_47979" align="aligncenter" width="300"]Photo by Reuters Photo by Reuters[/caption]လူ့အခွင့်အရေးစီမံချက် ဆောင်ရွက်သူတွေကတော့ အဲဒီ ဆုံးဖြတ်ချက်ကို ကြိုဆို လိုက်ပါတယ်။

လွန်ခဲ့တဲ့လက ဆင်းပြည်နယ် တရားရုံးချုပ်က အစိုးရကျောင်းတွေမှာ လူ့အခွင့်အရေးကို ဘာသာရပ်တခုအဖြစ် စပြီး သင်ကြားပေးဖို့ အစိုးရကို အမိန့်ထုတ်ခဲ့ပါတယ်။ ဘာသာရပ်အသစ် ကို ၂၀၁၅ ခုနှစ်မှာ ၅ တန်းကစပြီး သင်ကြားပေးပါလိမ့်မယ်။

ကျောင်းတွေမှာ လူ့အခွင့်အရေးကို စတင်သင်ကြာပေးဖို့ အစိုးရကို မေတ္တာရပ်ခံလွှာ တင်သွင်းခဲ့တဲ့ ရှေ့နေ ဇူဘိုင်ရာ အလီ ခတ်ရှ်ဟယ်လီ က “ပါကစ္စတန်ကျောင်းတွေရဲ့သင်ရိုးကို ကြည့်မယ်ဆိုရင် ဒီလိုမျိုး အခြေခံ လူ့အခွင့်အရေး အယူအဆမျိုး မတွေ့ရပါဘူး။ အဲဒါမရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်က တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ပေးဖို့ အဲဒါဟာ လိုအပ်တယ်လို့ ထင်ခဲ့ပါတယ်။ ဘာလို့ဆိုတော့ လူတွေက သူတို့ရဲ့ အခွင့်အရေးကို သိလာတဲ့အခါ သူတို့က အဲဒါကို နားလည်သဘောပေါက်လာပြီး တကယ် ရရှိအောင် လုပ်ဆောင်တာတွေ ရှိလာပါလိမ့်မယ်” လို့ ပြောပါတယ်။

ရှေ့နေ ဇူဘိုင်ရာ အလီခတ်ရှ်ဟယ်လီကတော့ လူ့အခွင့်အရေးကို အစောပိုင်းကစပြီး သိမြင်နားလည်အောင် လုပ်ထားတာဟာ ငြိမ်းချမ်းရေးနဲ့ သည်းခံ လိုက်လျောတတ်မှုတွေကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“အသက်ငယ်တဲ့အချိန်မှာ သင်ယူရတဲ့ဟာ တခုခုဟာ သူတို့ရဲ့ စရိုက်လက္ခဏာ ဖြစ်လာတတ်ပါတယ်။ အဲဒီလို ဖြစ်မှပဲ သူတိုဟာ အဲဒါကို လိုလိုလားလားရှိလာအောင် ထောက်ခံ ပြောဆိုဖို အဆင်သင့် ရှိလာကြမှာပါ။”

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပရမ်းပတာ ဖမ်းဆီး ထိန်းသိမ်းတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ဖမ်းဆီးထားတဲ့အချိန်အတွင်း သေဆုံးတာ၊ အင်အားသုံး ပျောက်ဆုံးသွား အောင် လုပ်တာတွေနဲ့ တရားစီရင်ဆုံးဖြတ်မှု မရှိဘဲ သုတ်သင်ရှင်းလင်းပစ်တာတွေ အနှံ့အပြား ဖြစ်နေတဲ့ ပါကစ္စတန်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ ဖြစ်ခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

ပါကစ္စတန် လူ့အခွင့်အရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့လ ၂၀ ကာလအတွင်း အထူးသဖြင့် ဆင်းပြည်နယ်မှာ ဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၈ ထောင်ကျော်ကို အစီရင်ခံ တင်ပြခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဇိုရာယူဆွတ် က “ကျမတို့ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပါတယ်။ အဲဒီမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အလုပ်သမားတွေစတဲ့ အခွင့်အရေးတိုင်းရဲ့ လွတ်လပ်စွာ ဖော်ပြခွင့်မှာ ဖြစ်နေတာတွေ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်မှာ ဖြစ်နေတာတွေကို တင်ပြထားပါတယ်။ ဒီတော့ အခွင့်အရေး ပုံသဏ္ဍာန်တွေ အားလုံးကို နောက်ကွယ်က ချိုးဖောက်နေတယ်လို့ ကျမ ထင်ပါတယ်။ လူတွေဟာ စစ်သွေးကြွလို့ သံသယရှိခံရလို့ ဖမ်းဆီးခံရပြီး ဖျောက်ဖျက်ခံကြရပါတယ်ရှင်။ ဆ၀ပ်ဒေသမှာဆိုရင် စစ်တပ်က စစ်ဆင်ရေးအပြီး ပျောက်သွားတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ကော်မရှင်က တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုပြီးတဲ့အချိန်မှာ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လေးလေးနက်နက် အားထုတ်တာကို တွေ့မြင်ချင်ပါတယ်လို့ ဆိုပါတယ်။

“သင်ရိုးကို ပြန်လည်သုံးသပ်ပြီးတဲ့အချိန်မှာ အစိုးရကို အကြံပေးတိုက်တွန်းဖို့ ဒီအယူအဆတွေကို သင့်တော်တဲ့အဆင့်အထိ ထည့်သွင်းပေးဖို့၊ ဘယ်အဆင့်မှာ ဘာတွေ စတင် သင်ကြားပေးရမယ်ဆိုတာတွေကို အကြံပေးဖို့ အဖွဲ့ကလေးတဖွဲ့ ရှိသင့်ပါတယ်။ နောက် အပြည်ပြည်ဆိုင်ရာ ညီလာခံတွေ အများကြီးလည်း စပြီးလုပ်ပေးဖို့ လိုအပ်မယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့က ဒီလက်ဦးဆောင်ရွက်မှုတွေကို ထောက်ခံပါတယ်။”

ဆင်းလူ့အခွင့်အရေးဝန်ကြီး နာဒီးယားဂါဘိုးလ်က အစိုးရက လက်ဦး ဆောင်ရွက်မှုတွေကို လုပ်နေတာ နှစ်အတော်ကြာနေပြီလို့ ပြောပါတယ်။

“ကျမတို့က ပညာရေးနိမ့်ကျတဲ့ လူလတ်တန်းစားတွေ သူတို့အခွင့်အရေးကို နားမလည်တဲ့ သူတွေကို လူ့အခွင့်အရေး သိမြင်နားလည်မှု ပျံ့နှံ့အောင် လုပ်ပေးဖို့ လိုပါတယ်။ ကျမက ၀န်ကြီးကို စကားပြောပြီး လူလတ်တန်းစားတွေရဲ့ကလေးတွေ ပညာသင်ကြားနေတဲ့ အစိုးရကျောင်းတွေမှာ လူ့အခွင့်အရေး ဘာသာရပ်ကို သင်ရိုးထဲမှာ ထည့်သွင်းဖို့ သေချာအောင် ပြောမှာပါ။”

ဆရာမတယောက်ဖြစ်တဲ့ ရှာဘာနာမာဂျစ်က သူတို့တွေ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။

“ဒါက ဆုံးဖြတ်ချက်ကောင်းတခုပါ။ အဲဒါက ကျောင်းသားတွေကို ငယ်ငယ်ရွယ်ရွယ်မှာ သူတို့ရဲ့ အခွင့်အရေးကို သိမြင်အောင် လုပ်ပေးပါလိမ့်မယ်။ ကျမတို့က သူတို့ကို ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့နဲ့ ပတ်သက်ပြီးလည်း သင်ပေးပါတယ်ရှင်။ ဒါပေမယ့် ကျမတို့ သင်နေတာတွေက ပုံစံဟောင်းတွေ ဖြစ်နေပါပြီ။ သင်ရိုးထဲမှာ ဒီကနေ့ စိန်ခေါ်လာတာတွေကို ဖြေရှင်းနိုင်ဖို့ အကြောင်းအရာသစ်တွေကို ထည့်သွင်းပေးရပါမယ်။”

အာရှဒေသ သတင်းဆောင်းပါးအစီအစဉ်အတွက် နာအင်းမ်ဆာဟိုတာရာက ရှာဒီခန်ဆိုင်အိဖ်နဲ့အတူ ပါကစ္စတန်နိုင်ငံ ကရာချီမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပါကစ္စတန်ကျောင်းများတွင် လူ့အခွင့်အရေး သင်ကြားပေးမည်