
အီရန်ဟာ စီးပွားရေးအရရော စစ်ရေးအရပါ “ကျရှုံးနိုင်ငံ” ဖြစ်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားမှုနဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုတွေဟာ တီဟီရန်ကို အပြင်းအထန် ထိခိုက်နေတယ်လို့ ဆိုပါတယ်။
Fox News နဲ့ အင်တာဗျူးမှာ ထရမ့်ပ်က “ပိတ်ဆို့မှုက မယုံနိုင်စရာကောင်းအောင် ထိရောက်နေပြီး ဘဏ္ဍာရေးအရလည်း သူတို့ကို အပြင်းအထန် ထိခိုက်စေပါတယ်” လို့ ပြောပါတယ်။
အီရန်ရဲ့ ရေတပ်၊ လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အကြီးအကျယ် ထိခိုက်သွားပြီ လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
တဖက်မှာတော့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားပြီး သူ့ရဲ့ ကြီးကြပ်မှုအောက်မှာသာ ပြန်ဖွင့်မယ်လို့ ပြောထားပါတယ်။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး တီဟီရန်ကို အမေရိကန်ရဲ့ တောင်းဆိုချက် တွေ လိုက်နာလာအောင် စီးပွားရေးဖိအားပေးဖို့ ကြိုးပမ်းနေတာပါ။
ဒါ့အပြင် အီရန်ရေနံ ဝယ်ယူတဲ့ တတိယနိုင်ငံတွေကိုပါ ထိခိုက်စေမဲ့ တဆင့်ခံအရေးယူပိတ်ဆို့မှု အသစ်တွေကို အမေရိကန်က ဆက်လက်ချမှတ်နေပါတယ်။
ဩဂုတ် ၃၁ ရက်မှာတော့ အမေရိကန်နဲ့ အီရန်ကြား တလအတွင်း ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့ပြီး ထရမ့်ပ်က အီရန်ကို “ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်” လို့ သတိပေးခဲ့ပါတယ်။
အီရန်က ဂျော်ဒန်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း ၂ ခုကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီး ဒါဟာ အီရန်ရဲ့ လာရက်ခ်ကျွန်းကို အမေရိကန်က တိုက်ခိုက်ခဲ့တာအတွက် လက်တုံ့ပြန်တာ ဖြစ်ပါတယ်။
အီရန်သမ္မတ မာဆွတ်ပက်ဇက်ရှ်ကီယန်ကတော့ စစ်ပွဲဆက်ဖြစ်နေတာဟာ ဘယ်သူ့အတွက်မှ အကျိုး မရှိဘူးလို့ ပြောပြီး ဆွေးနွေးညှိနှိုင်းမှုနဲ့ အဆုံးသတ်ရေးကို ဆက်လက်ထောက်ခံတယ်လို့ ဆိုပါတယ်။
Source:Reuters











