DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန်ဆန္ဒပြသူများနှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် တွေ့ဆုံပွဲ အဖြေမရ
DVB
·
December 9, 2013
မိကျောင်းကန်ဆန္ဒပြသူများနှင့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် တွေ့ဆုံပွဲ အဖြေမရ
1 / 15
Donate to DVB

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က သိမ်းဆည်းလယ်မြေ ပြန်ရရေး သပိတ်စခန်းဖွင့် ဆန္ဒပြခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ရဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပွဲဟာ ရလဒ် တစုံတရာ မရဘဲ အဆုံးသတ်ခဲ့ပါတယ်။

MiKyaungKan8ဒီ တွေ့ဆုံပွဲဟာ ၁၃ ရက် ကြာမြင့်ပြီဖြစ်တဲ့ သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီ မတိုင်ခင် လုံးဝ ဖျက်သိမ်းရုပ်သိမ်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တပ်မြို့စည်ပင်သာယာက ဆန္ဒပြသမားတွေကို ထုတ်ပြန် ကြေညာပြီးတဲ့နောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

မနေ့က နေ့ခင်း ၃ နာရီကနေ ၆ နာရီခန့်ထိ မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဇော်ထွန်းကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ထွန်းတို့ဘက်က တပ်က သိမ်းဆည်းခဲ့တဲ့မြေတွေ ပြန်လည်ရရှိရေးကို တစိုက်မတ်မတ် တောင်းဆိုခဲ့သလို ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ဘက်ကလည်း ဂရမ်ပြသနိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီ တွေ့ဆုံပွဲမတိုင်ခင်မှာ ဦးဇော်ထွန်းတို့ဟာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကို သွားရောက် တွေ့ဆုံခဲ့ပြီး သူတို့ မြေတွေ ပြန်လည်ရရေး၊ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ရေးနဲ့ ဒီဇင်ဘာ  ၇ ရက်နေ့ကလို အကြမ်းကိုင်တွယ်မှု ထပ်မံ မပြုလုပ်ရေး စတဲ့ တောင်းဆိုချက် ၇ ချက်ကို တင်ပြခဲ့ပါတယ်။

အမတ် ဦးသိန်းညွန့်က လယ်ယာမြေပြန်လည်ရရှိရေးကိစ္စဟာ တည်ဆဲဥပဒေအရ မဖြစ်နိုင်ကြောင်းနဲ့ နစ်နာကြေး ရရှိဖို့ ကိစ္စကို တောင်းဆိုပေးမယ်လို့ ကတိပြုခဲ့ပြီး အစိုးရနဲ့ ဆန္ဒပြသူတွေအကြား ကြားဝင်ဆောင်ရွက်ပေးမယ်အစီအစဉ်ကို ချပြခဲ့ပါတယ်။

ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူ ၃ ဦးကို ပြန်လွှတ်ရေး၊ ဆန္ဒပြသမားတွေကို တရားစွဲ ဆိုထားတာကို ပြန်ရုပ်သိမ်းဖို့နဲ့ ဆန္ဒပြသမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ကိစ္စတွေကို ဆောင်ရွက်ပေးမယ်ဆိုတာကို ကတိပြုခဲ့ပါတယ်။

၁၃ ရက် ကြာမြင့်ပြီဖြစ်တဲ့ သပိတ်စခန်းတွင်းမှာ အမျိုးသမီး ၂၀၀ ကျော်ဟာ အနီရောင်အင်္ကျီတွေနဲ့ အနီရောင်ခေါင်းစည်းတွေ ဆင်မြန်းထားပြီး သူတို့ထံက သိမ်းယူခဲ့တဲ့ မြေတွေ ပြန်ပေးဆိုတဲ့ စာသားတွေ ရိုက်နှိပ်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ အုပ်ချုပ်ရေးပိုင်းရဲ့ ကြမ်းတမ်းစွာကိုင်တွယ်မှုကြောင့် ဆန္ဒပြသူတွေထဲက သတိလစ် လက်ကျိုးခဲ့တဲ့အဖွားအို ၁ ဦးအပါအ၀င် ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က နေ့ခင်းပိုင်းက ဆန္ဒပြသမားတွေနဲ့ တွေ့ဆုံရာမှာ ဆီးဂိမ်းဖွင့်ပွဲမတိုင်ခင် သပိတ်စခန်းကို ရုပ်သိမ်းလိုက်ဖို့ မေတ္တာရပ်ခံထားပြီး သွေးထွက်သံယိုမှုတွေနဲ့ လူအသေအပျောက်တွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆန္ဒပြသူတွေကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဦးဇော်ထွန်းကို သပိတ်စခန်းရှေ့မှာ ဒီဇင်ဘာ ၈ ရက်နေ့ ည ၉ နာရီခန့်မှာ သွားရောက် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

[gallery ids="47956,47957,47958,47959,47960,47961,47962,47963,47964,47965,47966,47967,47968,47969,47970"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013