
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်ကို ဩဂုတ် ၃ ရက် ည ၁၁ နာရီခွဲ လောက်ကစပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံဘက်ခြမ်းကို ၂ ကြိမ်တိုင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လိုင်ဇာမြို့ခံတစ်ဦးက ပြောပါတယ်။
လိုင်ဇာမြို့ရှိ ဒေသခံပြည်သူများနေထိုင်တဲ့ ရပ်ကွက်ဘက်ကို စစ်ကောင်စီတပ်ကတွေက လက်နက်ကြီးတွေနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၂ ကြိမ်က တရုတ်ပြည်ဘက်ခြမ်းကို ကျရောက် ပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာတာကြောင့် လိုင်ဇာကို လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
မနေ့ညက ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ် ၅၈ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝိုင်းမော်မြို့အထွက် မဒိန်ကျေးရွာရှိ နယ်မြေခံ စစ်ကောင်စီ တပ်ရင်း ၅၈ မှာ လက်နက်ကြီးသံနဲ့ သေနတ်ပစ်သံတွေကို ည ၇ နာရီခွဲအချိန်လောက်ကစပြီး ည ၁၁ နာရီကျော်ဝန်းကျင်ထိ ဆက်တိုက်ကြားနေရကြောင်းနဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မနေ့ညက တိုက်ပွဲပိုမိုပြင်းထန်ခဲ့တယ်လို့ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်တာက တနေကုန်ပဲ။ နေ့လယ်ကတည်းက လက်နက်ကြီးနဲ့ တစ်ချက် တစ်ချက် ရမ်းပစ်နေတာ ည ၇ နာရီ လောက်ကျတော့ပိုဆိုးလာတယ်။ အသံကလည်း ပိုကျယ်လာတယ်။ လက်နက်ကြီး လက်နက်ငယ်တွေရော မော်တာစက် သေနတ်သံတွေစုံနေတာပဲ။ မြစ်ကြီးနားကတောင်ကြားလို့ ဖုန်းလှမ်းဆက်လာကြတယ်။”
ည ၁၁ နာရီကျော် သန်းခေါင်အချိန်လောက်မှာတော့ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ် ပျံဝဲခဲ့တာကြောင့် တိုက်ပွဲက ပိုမိုပြင်းထန်ခဲ့ကာ မြစ်ကြီးနားဘက်ကနေလည်း တင့်ကားနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တပ်ကူလာကြတယ်လို့ မျက်မြင်တွေ့ သူတွေကဆိုပါတယ်။
ည ၇ နာရီမှစတင်ခဲ့တဲ့ အဆိုပါပစ်ခတ်မှုတွေဟာ နောက်မနက် ၅ နာရီအထိ ဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးနားက ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ရပါတယ်။
အဆိုပါတိုက်ပွဲကြောင့် ရွာအနီးနားအိမ်တွေမှာ လက်နက်ကြီးကျည် သေနတ်ကျည်တွေထိမှန်ခဲ့ကာ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံး ထိခိုက်မှုရှိခဲ့ပေမဲ့ လူ သေဆုံးမှုသတင်းတော့ မကြားသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက် သေဆုံး ဒဏ်ရာရမှု အခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်၊
အဲဒီတပ်စခန်းကို ဇူလိုင် ၂၉ ရက်နေ့ညကလည်း ကေအိုင်အေဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။