DVB Logo
Home
မြန်မာသတင်း
သစ်ဥသစ်ဖုများဖြင့် ကိုဗစ်ကာကွယ်ဆေးဖော်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် တိုက်တွန်း
DVB
·
August 3, 2021
သစ်ဥသစ်ဖုများဖြင့် ကိုဗစ်ကာကွယ်ဆေးဖော်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် တိုက်တွန်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် မြန်မာ့တိုင်းရင်းဆေးဖက်ဝင် အပင်တွေ၊  သစ်ဥသစ်ဖုတွေနဲ့  တိုင်းရင်းဆေးတွေကို သုတေသနပြုလုပ် စမ်းသပ်ဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဩဂုတ် ၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က “ကာကွယ်ဆေးများ တင်သွင်းမှာယူခြင်းသာမက မိမိတို့နိုင်ငံတွင်းမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက်လည်း လုပ်ဆောင်နေကြောင်း၊ တခြားနိုင်ငံတွေမှာ သက်ဆိုင်ရာနိုင်ငံလိုက် တိုင်းရင်းဆေးတွေကိုလည်း စမ်းသပ်နေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဖက်ဝင် အပင်များ သစ်ဥသစ်ဖုများနဲ့  တိုင်းရင်းဆေးများကိုလည်း သုတေသနပြုလုပ် စမ်းသပ်ဆောင်ရွက်ကြရန်လိုအပ်မယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို တော်တော်လေး အရှိန်အဟုန်နဲ့ လုပ်နိုင်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်လို့ အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ကြောင်း၊ အောင်မြင်မှုတွေရရှိနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။  

“ကျနော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ စပြီးတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ စကြေညာခါစမှာတော့ ဖြစ်နှုန်းတွေ တော်တော်လေးများပါတယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း လျော့ကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့အတွက်ကြောင့် ၃၀ ရာခိုင်နှုန်း အထက်လောက်ပဲ ရှိတော့တယ်။” 

ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးလုပ်ငန်းတွေ အောင်မြင်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာ မသိမ်းခင်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၃၁၀၀ ကျော်လောက်ပဲရှိခဲ့ရာက စစ်တပ်အာဏာသိမ်းပြီးနောက် ၆ လအတွင်း သေဆုံးသူ အယောက် ၁၀၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၆၈၉ ယောက်၊ သေဆုံးသူ အယောက် ၃၃၀  ရှိပြီး  စုစုပေါင်းကူးစက်ခံရသူ ၃၀၆,၃၅၄ ယောက်နဲ့ သေဆုံးသူပေါင်း ၁၀,၀၆၁ ယောက် ရှိသွားပြီလို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၂  ရက်ညမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးထုတ်ပြန်ထားတာဖြစ်လို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန  MOHS ရဲ့ နေ့စဉ် စာရင်းထုတ်ပြန်တဲ့ စာရင်းတွေဟာ မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေထက် များစွာနည်းပါးကွာခြားနေတယ်လို့  ကိုဗစ်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတဝန်းက  သုသာန်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ရာနဲ့ချီပြီး နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရဆဲဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013