DVB Logo
Home
ဆောင်းပါး
ဘန်ကောက်မှာ အရှိုက်ထိုးခံရတဲ့ အာဆီယံ
လင်းဆက်ငြိမ်းချမ်း
·
July 19, 2026
ဘန်ကောက်မှာ အရှိုက်ထိုးခံရတဲ့ အာဆီယံ
Donate to DVB

ဘန်ကောက်ဆွေးနွေးပွဲဆီသို့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတုမင်းအောင်လှိုင် ပေးပို့လိုက်တဲ့ စကားလုံးသစ်တခုက ဒေါ်အောင်ဆန်းစုကြည်ကို ဆွေမျိုးတဦး၊ အစ်မတဦးလို သဘောထား တဲ့အတွက် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ် ဆိုတာပါပဲ။

ပြောရရင် ဘန်ကောက်ဆွေးနွေးပွဲဟာ အဲဒီစကားလုံးသစ်တခု ရရှိတာလောက်နဲ့ ပွဲပြီးသွားတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

ဒါ့ကြောင့်လည်း အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရေဆာ လာဇာရိုက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဲဒီစကားလုံးသစ်ကို တခုတ်တရ ထုတ်ဖော်ပြောကြားလိုက်ပုံရပါတယ်။

မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးတင်မောင်ဆွေရဲ့ ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်ဆိုတာကို အတည်ပြုနိုင်ရေးအတွက် အာဆီယံအထူးသံနဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုရာမှာတော့ သံတမန်ထုံး နှလုံးမူကာ အလိမ္မာသုံးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါကို အရပ်စကားနဲ့ ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ယုံချင်ယုံ၊ မယုံရင်လည်း မတတ်နိုင်ဘူးလို့ အပြောခံလိုက်ရတာပါ။ ဒါက မင်းအောင်လှိုင် အစဉ်တစိုက် စုံလုံးကန်း ငြင်းခဲ့တဲ့ကိစ္စမို့ ဘာမှတော့ မထူးဆန်းပါဘူး။

အာဆီယံအထူးသံ လာဇာရိုကတော့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံခွင့်ပေး၊ မပေးဆိုတာကို တိတိပပ ပြောမသွားပါဘူး။ မင်းအောင်လှိုင်ဝန်ကြီး တင်မောင်ဆွေက စစ်အုပ်စု ငြိမ်းချမ်းရေး ကြိုးပမ်းနေမှု၊ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စတာတွေကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ တင်မောင်ဆွေ ပြောသွားတဲ့ အရေးကြီးအချက်ကိုတော့ အာဆီယံအထူးသံရော ထိုင်းနိုင်ငံခြားရေးဝန်ကြီးပါ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာ တွေ့ရတယ်။ အဲဒါကတော့ အာဏာသိမ်းစစ်အုပ်စု အစိုးရတုအနေနဲ့ အာဆီယံဘုံသဘောတူညီ ချက် ၅ ရပ် ကို လက်မခံကြောင်း ပြောကြားခဲ့ခြင်းကိုပါပဲ။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဏာသိမ်းစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးတို့ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ကြတဲ့ အလွတ်သဘော ဘန်ကောက်တွေ့ဆုံပွဲကို ဇူလိုင် ၁၂ ရက်မှာ ပြုလုပ်ခဲ့ပြီး  စစ်အာဏာရှင်အစိုးရတု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ညနက်မှာသာ အဲဒီတွေ့ဆုံပွဲဆိုင်ရာထုတ်ပြန်ခဲ့ရာမှာ “….ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်၌ အာဆီယံထုတ်ပြန်ချက် ၅ ရပ်သည် အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏လက်ရှိပကတိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိ သည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်က ၉-၇-၂၀၂၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့သဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲသည့် နိုင်ငံရေးအခြေအနေကို နားလ ည်သဘောပေါက်ပြီး၊ မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုကြောင်း…”  လို့ဖော်ပြထားပါတယ်။

သံတမန်ရေး တန်ဆာဆင်ထားတဲ့ အဲဒီထုတ်ပြန်ချက်စာသားကို လူအများနားလည်အောင် တည့်တည့် ဘာသာပြန်ရရင် မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအခြေခံမူတွေကို ဖောက်ဖျက်ထားတဲ့အတွက် အစိုးရတုအနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောကြားလိုက်ခြင်းပါပဲ။

ဘန်ကောက်မှာ အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ဆိုတာ ကောက်ကာငင်ကာ သဘောတူကြပြီး မြန်မြန်ဆန်ဆန် အားချင်းလုပ်ကြတာမျိုး မဟုတ်ပါဘူး။ သတင်းတွေအရ ဘန်ကောက်ဆွေးနွေးပွဲ ပြုလုပ်ဖို့ကို ပြီးခဲ့တဲ့ မေလ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့ကြတာပါ။ ဒါ့ကြောင့် အစိုးရတုတရပ်တည်းက အာဆီယံမူ ၅ ရပ်ကို လက်မခံတာ မဟုတ်ဘဲ ပြည်သူရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးကပါ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ကြောင်း မရယ်ရတဲ့ ဟာသဇာတ်ညွှန်းကို ဘန်ကောက်ဆွေးနွေးပွဲ မတိုင်မီ ရေးသားခဲ့တာ ထင်ရှားပါတယ်။

အဲဒီဇာတ်ညွှန်းကို တင်မောင်ဆွေက ဘန်ကောက်ဆွေးနွေးပွဲဆီ သယ်လာတယ်။ လွှတ်တော်က လက် မခံတဲ့ မူ ၅ ရပ်အဆိုကို အစိုးရက လိုအပ်သလို ဖော်ဆောင်ပေးဖို့ တာဝန်ရှိတာကြောင့် ဘာမှ မတတ်နိုင်ကြောင်းပါလို့ ခံသာမဲ့ သံတမန်ရေး တန်ဆာဆင်မှုတွေနဲ့ ဖွဲ့နွဲ့ပြခဲ့တယ်။

ပြောရရင် ဘန်ကောက်ဆွေးနွေးပွဲရဲ့ တကယ့်အသက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရှေ့မှာ မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာသိမ်းအစိုးရတုက လက်မခံကြောင်း အစိုးရတုဝန်ကြီးက ပြောကြားသွားခြင်းပါပဲ။

အဲဒီစကားကို အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလာဇာရိုနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့က သတင်းစာရှင်းလင်းပွဲမှာ ဘာ့ကြောင့် ချန်လှပ်ထားရပါသလဲ။ အစိုးရတုကို လူရာမသွင်းဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းပေါင်းများစွာက အပြင်းအထန် ကန့်ကွက်နေတဲ့ကြား ဘန်ကောက်ဆွေးနွေးပွဲ ဖြစ်မြောက်အောင် မရမက ပြုလုပ်ခဲ့တာကြောင့် အလုပ်မဖြစ်ကြောင်း မပေါ်လွင်အောင် ဖုံးဖုံးဖိဖိတွေ လျှောက်လုပ်နေခြင်းနဲ့ ဘာပဲဖြစ်ဖြစ် မူ ၅ ရပ်ကို ဖော်ဆောင်ဖို့ မေတ္တာရပ်ခံရုံကလွဲ တခြားလမ်း မရှိလို့ပါပဲ။

တကယ်တော့ ဘန်ကောက်ဆွေးနွေးပွဲဟာ အလုပ်မဖြစ်ရုံတင်မက နေပြည်တော်မှာ မင်းအောင်လှိုင် နေ့စဉ် ဆုတ်ဖြဲနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရှေ့မှာ ဆုတ်ဖြဲခိုင်းတဲ့အထိ အတင့်ရဲခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘန်ကောက်ဆွေးနွေးပွဲအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန် ရဲ့ ထုတ်ပြန်ချက်ကတော့ မင်းအောင်လှိုင်ကို လေသံမာမာနဲ့ ပြန်ငေါက်ငမ်းလိုက်ခြင်းပါပဲ။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုအားလုံးကို အပြီးတိုင် ရပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာနိုင်ငံတဝန်း ဘေးကင်းလုံခြုံစွာ အဟန့်အတားမရှိ ပေးနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကမြင်တွေ့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အရင်ကလည်း အရေးပါခဲ့သလို လက်ရှိအချိန်ထိလည်း အသက်ဝင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းက မင်းအောင်လှိုင်ဘာပြောပြော မူ ၅ ရပ်ကနေ တပြားမှ မလျှော့နိုင်ဘူးလို့ တုံ့ပြန်လိုက်ခြင်းပါပဲ။

ဇူလိုင် ၁၄ ရက်မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာမှာ လူသားစာနာအကူအညီပေးဖို့ အခု နှစ်ကုန်ပိုင်းအတွင်း အထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို ကိုယ်တိုင် သွားရောက်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်ချက်က ဘန်ကောက်ဆွေးနွေးပွဲ သဘောတူညီချက်လား၊ စာနာမှု အကူအညီတွေကို အဟန့် အတားမရှိပေးအပ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

မင်းအောင်လှိုင်ကတော့ အာဆီယံမူ ၅ ရပ်ကို ဘာတခုမှ မဖော်ဆောင်ဘဲ အာဆီယံထိုင်ခုံ ပြန်ရဖို့သာ အလိုရှိပါတယ်။ မင်းအောင်လှိုင် အာဆီယံထိုင်ခုံ ပြန်ရဖို့ လာအိုနဲ့ ထိုင်းနိုင်ငံကလည်း အရဲကိုးလို့ လက်ခုပ်တီး ကြိုဆိုနေတာ တွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013