
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာမှာ ခုရက်ပိုင်း အဆက်မပြတ်မိုးရွာသွန်းတာကြောင့် ကုန်ထုတ်တာဘောင်လမ်း ကျိုးပြတ်သွားပြီး စိုက်ပျိုးထားတဲ့ လယ်ဧက ၂၀၀ ကျော် ရေလွှမ်းခံရလို့ ပျက်စီးတချို့ ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“ဒါက ငါးနှစ်၊ ခြောက်နှစ်အတွင်းစံချိန်တင်ရွာတာပဲ။ ညနေပိုင်းကနေ တညလုံးရွာလိုက်တာ မနက်လင်းမှပဲ မိုးတိတ်တော့တယ်။ အဲဒီမှာ ကုန်ထုတ်လမ်းတာဘောင် အပြတ် လေးပြတ်ပေါင်း ပေ ၂၀ လောက်ကျိုးကျပြီး၊ အောက်ကလယ်ဧက ၂၀၀ ကျော်လောက် ရေလွှမ်းသွားတယ်။ စိုက်ပြီးသားလယ်တွေမြုပ်ပြီး မစိုက်ရသေးတဲ့လယ်တွေကတော့ ပျိုးစည်းတွေချထားတော့ အကုန်မျောပါသွားတာပေါ့” လို့ ဘူးကုန်းရွာ လယ်သမားတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ဩဂုတ် ၁ ရက်နေ့ညနေပိုင်းက ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ရွှေဘို စတဲ့မြို့နယ်တွေအားလုံးမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တန့်ဆည်မြို့မှာတော့ မိုးရေချိန် လက်မ အများဆုံးရွာသွန်းခဲ့လို့ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။