
ကနီမြို့နယ်မှာ စစ်ကောက်စီတပ်တွေက ဒေသခံ PDF တပ်တွေနဲ့ ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာတွေကြောင့် ပြည်သူထောင်နဲ့ချီ နေ့စဉ်လိုလိုထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေကြတယ်လို့ သိရပါတယ်။
ကနီမြို့နယ်အတွင်း ဆယ်ရွာချောင်-လာပို့လို့ လူသိများတဲ့ လာပို့အုပ်စု၊ ဒိုင်ကြီးအုပ်စု၊ ယင်သွင်အုပ်စုနဲ့ ကူးဆိတ်အုပ်အတွင်းက ကျေးရွာ ၁၄ ရွာက ပြည်သူ ၇၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီ လိုအပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအိမ်ရှင်မတဦးက “အခုကျမတို့ စားစရာတွေ အကုန်ပြတ်နေပြီ။ တစ်ချို့ဆိုရင် ဆန်ပြုတ်တောင်ပြုတ်သောက်နေကြရပြီ။ ကူညီမဲ့သူမလာနိုင်ရင်တော့ အကုန်သေရမဲ့ကိန်းပဲ။ ရွာက ဈေးဆိုင်တွေလည်း ဈေးကုန်တွေ ဘာတခုမှကို ရောင်းစရာမရှိတော့ဘူး။ မုံရွာဘက်ကို ကား နဲ့ ဈေးသွားဝယ်ရင်လည်း စစ်ကောင်စီတပ်တွေက ဈေးကုန်တွေကို သူတို့စိတ်တိုင်းကျယူတယ်။ ကားဖြတ်သန်းခဆိုပြီး တစ်ခါဖြတ်ရင် ၁ သိန်းတောင်းတယ်ဆရာ။ ဒါတောင် သူတို့ မမူးတဲ့အချိန်နော်။ သူတို့များ မူးလို့ကတော့ ကားပေါ်ပါတဲ့လူ အကုန်လုံးသေနတ်နဲ့ ချိန်တယ်၊ သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်တယ်။ စစ်ဖိနပ်တွေနဲ ကန်တာတွေလုပ်တယ်။ အဲလိုတွေလုပ်တော့ မုံရွာဘက်ကို ရွာသားတွေက မသွားရဲကြတော့ဘူ။”
မင်းကင်းဘက်မှာလည်း ပျူစောထီးအဖွဲ့က ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းကြောင်း၊ မရွေးနိုင်တဲ့သူတွေကို အသေသတ်ပစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျမတို့ အပြစ်မဲ့ပြည်သူတွေရဲ့ဘဝကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးရှင်။ အခုဆိုရင် ကျေးရွာတိုင်းလိုလို ရာသီတုပ်ကွေးတွေ အိမ်တိုင်းလိုလိုဖြစ်နေရတာ။ အစားအစာတွေ ပြတ်လပ်ရုံတင်မကပါဘူး ဆေးဝါးတွေပါမရှိတော့တာ။”
မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာအပြင် စစ်ကောင်စီတပ်တွေက ဆက်ကြေးကောက်ခံတာကြောင့် ခရီးသည်တင်ကားတွေနဲ့ ဆိုင်ကယ်တွေလည်း မထွက်ရဲကြတော့ဘူးလို့ ကားပိုင်ရှင်တဦးက ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးက မုံရွာ၊ ယာကြီး၊ ကလေးဝလမ်းကို အမှီပြုနေရတာပေါ့။ အခုဆို ကျနော်တို့ ကျေးရွာတွေမှာ မိုးက နေ့စဉ်မပျက် ရွာနေတာဆိုတော့ အခက်အခဲကြုံရတာပေါ့ဗျာ။ အဲတာထက် ခက်ခဲတာက စစ်ကောင်စီတပ်တွေက ကျနော်တို့ ရွာအဝင်အထွက်လမ်းတွေ အကုန်ပိတ်ပြီး စစ်ဆေးရေးဂိတ်တွေလုပ်ပြီး သူတို့ထင်သလို ဆက်ကြေးတောင်ယူနေတယ်ဗျ။ မုံရွာဈေးဝယ်သွားတဲ့ ကားတွေဆိုရင် စက်ကြေးတောင်းတယ်။ ကားပေါ်ကပါလာတဲ့ ကုန်ပစ္စည်းတွေ သူတို့စိတ်ကြိုက်ချယူတယ်။ အဲလိုယူတော့ဗျာ ကားသမားက ပစ္စည်းပိုင်ရှင်တွေကို ပြန်လျော်ပေးရတယ်အကို။ ရတဲ့တန်ဆာခလေးမှ ၅၀၀၊ ၁၀၀၀ လေးရတာ ဒါကြောင့် ကျနော်တို့ ကားသမားတွေ ဘယ်မှကို ကားမထွက်ကြတော့တာ။”
ကနီမြို့နယ် မဟူတောင်ပေါ်မှာလည်း ဒေသခံ PDF တပ်ဖွဲ့တွေ ရှိလိမ့်မယ်ထင်ကြေးနဲ့ စစ်ကောင်စီတပ်တွေက တောနင်းရှာဖွေပြီး ဖမ်ဆီးစစ်ဆေးနေတာကြောင့် တောင်သူတွေ စိုက်ခင်းတွေဆီ မသွားရဲကြတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဆယ်ရွာချောင်ဒေသဟာ ကုန်းလမ်းတခုပဲ အသုံးပြုလို့ရပြီး ကျေးရွာအားလုံးကို တောင်တွေက ပတ်လည်ဝန်းရံထားတယ်လို့ သိရပါတယ်။