DVB Logo
Home
မြန်မာသတင်း
ထိုင်းထီပထမဆု ၆ သန်းပေါက်သည့် မြန်မာအမျိုးသမီး ၁ ဦးကို အလုပ်ရှင်က ဘတ် ၁ သန်းသာပေး
DVB
·
August 2, 2021
ထိုင်းထီပထမဆု ၆ သန်းပေါက်သည့် မြန်မာအမျိုးသမီး ၁ ဦးကို အလုပ်ရှင်က ဘတ် ၁ သန်းသာပေး
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မြန်မာရွှေ့ပြောင်းလုပ်သား အသက် ၂၀ အရွယ် နန်းဒေါဝ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထွက်ရှိသွားတဲ့ ထိုင်းထီ ပထမဆုပေါက်ဂဏန်း ၇၁၃၅၁၇  တစ်စောင်ပေါက်ခဲ့ပြီး ဆုငွေ ဘတ် ၆ သန်းရရမှာဖြစ်ပေမယ့် ၁ သန်းပဲ ရခဲ့တယ်လို့ Amarin  ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။

သူမနဲ့ လုပ်ဖော်ကိုင်ဘက် ၁၆ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်က အလုပ်ရှင်ရဲ့ မွေးနေ့ပွဲကိုသွားခဲ့ကြောင်း၊ အဲဒီနေ့မှာ အလုပ်ရှင်က သူတို့ကို သင်္ဘောသီးထောင်းကျွေးတဲ့အပြင် ထီလက်မှတ် ၁ စောင်စီပါ လက်ဆောင်ပေးခဲ့ပြီး ပေါက်ရင်တစ်ဝက်စီနော်လို့ ပြောခဲ့တယ်လို့  ထီပေါက်သူက သတင်းထောက်ကို ပြောပြပါတယ်။

ဇူလိုင် ၁ ရက်နေ့ ထီပေါက်စဉ်ထွက်တော့ နန်းဒေါဝ်ရတဲ့ လက်မှတ်က ပထမဆုပေါက်လို့ အားလုံးဝမ်းသာနေကြကြောင်း၊ အလုပ်ရှင်သိသွားတဲ့အခါ ကတိအတိုင်းတစ်ဝက်စီပေးရမယ်လို့ ပြောတဲ့အပြင် အခွန်ဆောင်ခ ဘတ် ၆ သိန်း ၊ ကျန်လုပ်ဖော်ကိုင်ဘက် ၁၆  ဦးကို ၁ ဦးလျှင် ၅ သောင်းစီနဲ့ ထီစာချုပ်လု ပ်ပေးသူအတွက် အတွက် ၂ သိန်းပေးရမယ်လို့ ဆိုပါတယ်။ 

သူမကလည်း သဘောတူခဲ့ကြောင်း၊ အဆိုပါ ကတိကဝတ်အရ သူမရရှိရမယ့်ငွေဟာ ၂ သန်း ၂ သိန်းဖြစ်ပေမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ အလုပ်ရှင်က ဘတ် ၁ သန်းသာပေးပြီး ကျန်ငွေတွေကို ဘဏ်ကနေ တလ ၅သောင်း စီလွှဲပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် အလုပ်ရှင်ရဲ့ အပြုအမူသဘောထားပြောင်းလဲလာပြီး သူမနဲ့  အတူနေရည်းစား ကိုလည်း အလုပ်ကိုမတရားခိုင်းစေခဲ့ကြောင်း၊ မခံနိုင်တဲ့အဆုံး နှစ်ယောက်လုံး အလုပ်ထွက်ခဲ့ တယ်လို့ ဆိုပါတယ်။

အလုပ်ထွက်ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ ထူးထူးခြားခြား သူတို့နေတဲ့တိုက်ခန်းဘက်ကို ရဲတွေရောက်လာပြီး အလုပ်သမားကတ်တွေ စစ်ခဲ့ကြောင်း၊ သူမရည်းစားမှာ အလုပ်သမားကတ် သက်တမ်းကုန်နေလို့ အဖမ်းခံရပြီး ရဲက တစုံတယောက်စီ ဗွီဒီယိုကောလ်ခေါ်ကာ ဒီတယောက်ဟုတ်တယ်နော်လို့ မေးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့နေတဲ့တိုက်ခန်းမှာ ယခင်က အစစ်အဆေးမရှိခဲ့ကြောင်း၊ အလုပ်ရှင်နဲ့ ပြဿနာဖြစ်ပြီးမှ ခုလိုအဖမ်းခံရတာဖြစ်လို့ အလုပ်ရှင်ကတိုင်ကြားတယ်လို့ သံသယရှိကြောင်း၊  ရည်းစားမှာ လက်ရှိ မိင်းဘူရီတရားရုံးအချုပ်ခန်းမှာ အဖမ်းခံထားရပြီး အမှုရင်ဆိုင်ဖို့ အလုပ်ရှင်ထံ ကျန်တဲ့ ငွေပေးဖို့ တောင်းခဲ့ပေမယ့် မရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Amarin သတင်းဌာနက အလုပ်ရှင်ကို သွားမေးရာမှာ အလုပ်သမားထီပေါက်တဲ့ကိစ္စမဟုတ်မှန်ကြောင်း ငြင်းဆိုပြီး အဆိုပါအလုပ်သမား ၂ ယောက်မှာ နေ့စားငှါးရမ်းခြင်းသာဖြစ်တဲ့အတွက် သူတို့ကိစ္စတာဝန်မယူနိုင်ဘူးလို့ ဆိုပါတယ်။  သတင်းထောက်ကိုလည်း နယ်မြေကျူးကျော်မှုနဲ့ အမှုဖွင့်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါ တယ်။

သတင်းဌာနက သူတို့စားသောက်ခဲ့တဲ့ သင်္ဘောသီးထောင်းဆိုင်ကို သွားမေးရာမှာတော့ ဇွန်လ ၂၆ ရက်နေ့က အလုပ်ရှင်နဲ့ အလုပ်သမားတစ်စု လာစားသောက်ပြီး ထီရောင်းသမား ရောက်လာလို့ အလုပ်ရှင်က သူတို့ကိုတစ်စောင်စီဝယ်ပေးခဲ့ကြောင်း ပြောပါတယ်။

သတင်းဌာနက ထိုင်းရှေ့နေ နိသီထွဏ်းဆိုသူကို မေးမြန်းရာမှာ ရွှေ့ပြောင်းအလုပ်သမားဟာ အထောက်အထားမရှိသော်လည်း ထီပေါက်ပါက ဆုငွေရပိုင်ခွင့်ရှိကြောင်း၊  အထောက် အ ထားမရှိတဲ့အမှုက နောက်ထပ်သပ်သပ်ရင်ဆိုင်ရမှာလို့ ဆိုပါတယ်။  အခုအမှုမှာ အလုပ်သမား ဘက်က မကျေနပ်လို့ တိုင်ချက်ဖွင့်ပါက အလုပ်ရှင်ဟာ လိမ်လည်မှုနဲ့ရော တရားမဝင်အလုပ်သမား ငှါးရမ်းမှုနဲ့ပါ အရေးယူခံရနိုင်တယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013