DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာလူထု အကျပ်အတည်း အကြီးအကျယ်ကြုံနေ
DVB
·
August 1, 2021
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာလူထု အကျပ်အတည်း အကြီးအကျယ်ကြုံနေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ ၆ လအတွင်း ပြည်သူလူထုတွေဟာ  အကြမ်းဖက်မှု၊ တရားလက်လွတ်ဖမ်းဆီးမှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ ပြည်သူ့ကျန်းမာရေး  ကဏ္ဍအကျပ်အတည်း အကြီးအကျယ်ဆိုက်ရောက်မှုတို့နဲ့ ရင်ဆိုင်နေရတယ်လို့  မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ဒီကနေ့ ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး နိုင်ငံတော အာဏာကို တရားမဝင်သိမ်းယူပြီး နိုင်ငံခေါင်းဆောင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး ထားတာ     ဒီကနေ့ ဩဂုတ် ၁ ရက်မှာ ၆ လပြည့်သွားပြီဖြစ်ပါတယ်။

အမေရိကန်သံရုံးထုတ်ပြန်ချက်မှာတော့  “မြန်မာပြည်သူလူထုဟာ  အာဏာသိမ်းပြီးချိန်ကစ၍ ခြောက်လအတွင်း ကျယ်ကျယ်ပြန့်ပြန့်အကြမ်းဖက်မှု၊ တရားလက်လွတ်ဖမ်းဆီးမှု၊ စီးပွားရေးမတည်ငြိမ်မှုနှင့် ယခုအခါ ပြည်သူ့ကျန်းမာရေးကဏ္ဍအကျပ်အတည်း အကြီးအကျယ်ဆိုက်ရောက်မှုတို့ကို ရင်ဆိုင်နေရရင်း ထူးခြားလှသောအာဂ ရဲရင့်မှုနှင့် ခိုင်မာသောခံယူချက်တို့ကို ပြသလာနေခဲ့ကြသည်။” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုဟာ  အခြေခံကျတဲ့ လူ့အခွင့်အရေးတို့ကို ဆက်လက်တောင်းဆိုနေကြပြီး ဒီမိုကရက်တစ်နည်းနဲ့  ၎င်းတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အားလုံးပါဝင်နိုင်တဲ့ အနာဂတ်တစ်ခုအတွက် မြန်မာပြည်သူလူထုရဲ့ လိုလားဆန္ဒကို ထောက်ခံအားပေးသွားဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် အခိုင်အမာသန္နိဋ္ဌာန်ပြုထားတယ်လို့ လည်း သံရုံးထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူပေါင်း ၂၉၉,၁၈၅ ယောက်ရှိလာပြီး  သေဆုံးသူ ၉,၃၃၄ ယောက်ရှိလာပြီလို့ စစ်ကောင်စီကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၆ လနီးပါးအကြာ  စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ အယောက်  ၁၀၀၀ နီးပါးရှိလာပြီး  လူ ၇၀၀၀ လောက်ဖမ်းဆီးခံရကာ တချို့ပြန်လွတ်လာပေမဲ့ လက်ရှိ ၅၄၄၂ ယောက် ဆက်လက် ချုပ်နှောင် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုနဲ့ လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့်  ၂၀၂၀ ကတည်းက ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ ၂၀၂၁ ဘဏ္ဍာနှစ်ကာလ အောက်တိုဘာ ၂၀၂၀ - စက်တင်ဘာ ၂၀၂၁ မှာ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက် လျော့နည်းသွားမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013