
ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရာမှာပါဝင်ခဲ့တဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်အပါဝင် ဆေးရုံအုပ်တွေ၊ CDM ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအပါဝင် စုစုပေါင်း ၂၇ ဦးကို သြဂုတ် ၂ ရက်နေ့ ပြန်လွှတ်ပေးသွားမယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးတဲ့အထဲမှာ ပြန်လွှတ်ဖို့ ကျန်ခဲ့တဲ့အထဲက ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်တွေယူပြီး အမှုပိတ်သိမ်း ပြန်လွှတ်ပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရဲတပ်ဖွဲ့က ညွှန်ကြားလာခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့ အမှုရုတ်သိမ်းပြန်လွှတ်ပေးမယ့်အထဲမှာတော့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ မဲဇလီကုန်းတိုက်နယ်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း ၂ ဦး၊ အုပ်ချုပ်ရေးမှူး ၅ ဦး၊ ကျောင်းအုပ်ဆရာ ၂ ဦးနဲ့ CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်အပါဝင် ပြန်လွှတ်ပေးမယ့် CDM ဝန်ထမ်းတွေကို အကြမ်းဖက်စစ်အုပ်စု ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။