DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်၌ စစ်တပ်က တားဆီးနေဖြင့် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်အိုးသယ်ရန် အခက်ကြုံ
DVB
·
July 31, 2021
ကနီမြို့နယ်၌ စစ်တပ်က တားဆီးနေဖြင့်  ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်အိုးသယ်ရန် အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက တားဆီးပိတ်ပင်နေတာကြောင့်  ကိုဗစ်လူနာတွေ အသက်ကယ်ဖို့ အတွက် အောက်ဆီဂျင်အိုးတွေ သယ်ဆောင်ဖို့ အခက်အခဲဖြစ်နေရတယ်လို့   ကနီမြို့နယ်ရှိ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ကနီမြို့နယ်မှာ အောက်ဆီဂျင်ထုတ်တဲ့စက်ရုံမရှိလို့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေကို မုံရွာမြို့ကနေ နေ့စဉ်သယ်ပေးနေရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် မုံရွာကိုသွားဖို့ အဆင်မပြေတော့ဘူးလို့  ကနီမြို့နယ်လုံးဆိုင်ရာ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

“ဒီကောင်တွေက လူမှုကူညီရေးအသင်းကားလည်း မရဘူး အကုန်ဖမ်းတာ။ သူတို့နဲ့တွေရင် ပြရအောင်လို့ ဆေးရုံဆရာဝန်ကြီး ထောက်ခံစာတွေရော အကုန်အစုံပါတာကိုမရဘူး။ ကားပေါ်ကဆင်းပြီး လက်ကို ခေါင်းပေါ်တင်ပြီးနေရတာလေ။ ဟိုတစ်နေ့ကဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွားဖို့ရာလိုက်ပို့တဲ့ ကျနော်တို့ အသင်းသားတစ်ယောက်ကို  စစ်ကောင်စီက ဖမ်းလိုက်တာအဲဒါသက်သေပဲဗျာ။ အဲတာတွေတော့ မလုပ်သင့်ဘူးဗျာ။ ကျနော်တို့ နိုင်ငံရေး အလုပ်လုပ်နေတာမဟုတ်ဘူးဗျ။ လူနာတွေ အသက်မသေရေး ကိုယ်ချင်းစာနာစိတ်နဲ့ လူမှုရေးလုပ်ငန်းကိုလုပ်နေတာ။ ဘယ်အဖွဲ့အစည်းရဲ့ခိုင်းစေချက်မှကျနော်တို့ လုပ်မှာမဟုတ်ဘူးဗျ။”

ကနီမြို့နယ်ကနေ မုံရွာကိုသွားတဲ့ လမ်းမပေါ်က ချောင်းမ၊ ဘန့်ဘွေး၊ တရော်ကျင်း၊ ရွှေတောင်ဦး စတဲ့ ရွာတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက တပ်စွဲထားပြီး  ဖြတ်သန်းသွားလာတဲ့ ကားတွေ အားလုံးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

“ဆိုးတာက သူတိုသံသယဖြစ်ရင် အသေရိုက်နှက်တာလေ။ နယ်မြေကလည်း မလုံခြုံဘူး။ ဒေသခံတပ်တွေနဲ့လည်း အခုအချိန်အထိ အခြေအနေက တင်းမာနေတယ်။ ဘယ်ချိန်တိုက်ပွဲပြန်ဖြစ်မယ်မသိဘူး။ အဓိကကတော့ဗျာ အောက်ဆီဂျင်အိုးတွေကို မုံရွာကနေယူ ရတာဆိုတော့ လက်ရှိအနေအထားအရ ကျနော်တို့ ကနီနယ်က ကိုဗစ်-၁၉ လူနာတွေအတွက် အရေးပေါ် အောက်ဆီဂျင်အိုးတွေ မသယ်ယူနိုင်လို့ကတော့ အောက်ဆီဂျင် ပြတ်တော့မယ်” လို့ ကနီမြို့နယ်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ကနီမြို့နယ်နေ ကိုဗစ်လူနာရှင်တစ်ယောက်ကလည်း  “ ကျနော်တို့ ဒီအတိုင်းသာ အချိန်ကြာနေမယ်ဆိုရင် တမြို့နယ်လုံးအကုန် ကိုဗစ်-၁၉ ရောဂါကူးကုန်ပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မယ်ဗျ။  စစ်ကောင်စီက တာဝန်ရှိသူတွေ အနေနဲ့လည်း ကျနော်ပြောချင်တာက ကိုဗစ်-၁၉ တစ်နိုင်ငံလုံး ကူးစက်မားမြင့်တက်နေတာတောင် အာဏာတည်မြဲရေးအတွက် ဘယ်သူမျက်နှာမှ မငဲ့ကွက်တော့ဘူးလားလို့ မေးချင်တယ်။ ခင်ဗျားတို့ စစ်ကောင်စီတပ်တွေက လူကြီးရှေ့ တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့ ကျုပ်တို့ အပြစ်မဲ့ပြည်သူတွေကို နေစဉ်နှိပ်စက်နေတာ မသိရော့ လေသလားဗျာ” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေကြရပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးတွေလည်း မလုပ်နိုင်ဘဲ ကျေးရွာတိုင်းလိုလိုမှာ ရောဂါ ကူးစက်ခံရသူတွေ ဒါမှမဟုတ် သေဆုံးသူတွေ ရှိနေပါတယ်။ 

ကနီမြို့နယ်မှာ ဇူလိုင် ၂၉ ရက်နေ့က ဆေးရုံတာဝန်ရှိသူ ဆရာဝန်ကြီးနဲ့ ဓာတ်ခွဲမှူးတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံကို ယာယီပိတ်ထားရပါတယ်။  မြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၈၈ ယောက်ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကနီမြို့နယ်ပြည်သူ့ ဆေရုံက ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေကို  စစ်ကောင်စီတပ်တွေက ဇူလိုင် ၂‌၄ ရက်နေ့ ကတည်းက အင်းအားအလုံးရင်းနဲ့ ဝင်ရောက်စီးနင်းပြီး  စစ်ဆေးဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့  စစ်တပ်တွေ တိုက်ပွဲ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013