DVB Logo
Home
မြန်မာသတင်း
နှစ်ခြင်းသာသနာ နှစ် ၂၀၀ ပြည့်ပွဲ ပြည်တွင်းပြည်ပမှ လူ ၄ သောင်း တက်ရောက်
DVB
·
December 7, 2013
နှစ်ခြင်းသာသနာ နှစ် ၂၀၀ ပြည့်ပွဲ ပြည်တွင်းပြည်ပမှ လူ ၄ သောင်း တက်ရောက်
Donate to DVB

ရန်ကုန်တိုင်း အလုံမြို့နယ်မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်သာသနာ နှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်နဲ့ ပြည်ပရောက် အသင်းသား ၄ သောင်းလောက် တက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က ကြီးမှူးကျင်းပတဲ့ ဒီဓမ္မသဘင်ပွဲကို အထက ၁ အလုံ နဘေးကပ်လျက် ခန်းမကျယ်မှာ  ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့ထိ ကျင်းပနေပါတယ်။

ဒီနေ့ မနက်ပိုင်း ၈ နာရီခန့်မှာ ဓမ္မသဘင်ကျင်းပရာနေရာကို ကျနော် ရောက်ရှိသွားတဲ့အခါ   အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့   နှစ်ခြင်းခရစ်ယာန်ဘာသာဝင် တွေ ၀တ်ပြုနေကြပါတယ်။

လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရဆရာ ရောဘတ်ပွန်းရဲ့ ၀တ်ပြုခြင်းနဲ့ သမ္မာကျမ်းစာ လေ့လာခြင်း အစီအစဉ် ဖြစ်ပါတယ်။

အခု ကျင်းပနေတဲ့ ဓမ္မသဘင်ဟာ မြန်မာပြည်ကို နှစ်ခြင်းခရစ်ယာန် အစပျိုးတဲ့အချိန်က စလို့ ရေတွက်ရင် နှစ် ၂၀၀ ပြည့် ဓမ္မသဘင် ဖြစ်ပါတယ်။

ဓမ္မသဘင်ဆင်ယင်မှုပွဲတော် ဖြစ်မြာက်ရေးအသင်းချုပ်ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရဆရာ စောဆမ်ဆန်က ရည်ရွယ်ချက်ကို ခုလို ပြောပါတယ်။

unnamed“ဒီပွဲတော်ကြီးက ဆရာကြီး ယုဒသန်ကို ကျနော်တို့ ကျေးဇူးတင်ပြီး ဂုဏ်ပြုတဲ့အစီအစဉ်ဖြစ်သလို သူ့အားဖြင့်၊ ခရစ်တော်အားဖြင့် ကျနော်တို့က တခါပြန်ပြီးတော့ သူ့ကဲ့သို့ တခြားတိုင်းပြည်မှာ သာသနာပြုတွေအဖြစ်နဲ့ သွားနိုင်ဖို့ရန် ဘုရားသခင် လမ်းဖွင့်ပေးတယ်လို့ ကျနော်တို့ ခံစားရတဲ့အတွက် အရမ်းကြည်နူးပါတယ်။”

ဒီ ဓမ္မသဘင်ကို နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ နှစ်ခြင်းခရစ်ယာန်တွေနဲ့ ပြည်တွင်းက ရှမ်း၊ ကချင်၊ ကရင်၊ အခါ၊ လီဆူ၊ နာဂ၊ ချင်း၊ ၀၊ လားဟူ၊ မွန်နဲ့ ရခိုင်စတဲ့ တိုင်းရင်းသား နှစ်ခြင်းခရစ်ယာန်တွေ တက်ရောက်ကြပါတယ်။

ရှမ်းပြည်နယ် မိုင်းရယ်မြို့ကနေ ဒီပွဲကို တက်ရောက်လာတဲ့ အသက် ၃၀ ခန့်အရွယ် စိုင်းလှဝင်းက “ဒီပွဲက ကျနော်တို့ ဘုရားသခင် ကျေးဇူးတော်ကြောင့် ဒီနှစ် ၂၀၀ ကျင်းပခွင့်ရတာ ဖြစ်တဲ့အတွက် ဘုရားသခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ မြန်မာပြည်ကို ရောက်ရှိလာတဲ့ ဆရာကြီး ယုဒသန်ရဲ့ သာသနာမျိုးစေ့ နှစ် ၂၀၀ ပြည့် ချီးမွမ်းခြင်းကို တက်ရောက်ဂုဏ်ပြုခြင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုဆရာကြီးယုဒသန်ဟာ ၁၈၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိပြီး သာသနာပြုလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

အခက်ခဲမျိုးစုံ ကြုံရတဲ့အထဲမှာ ထောင်တွင်း နှိပ်စက်ညှဉ်းပန်းခံရတာ၊ ဇနီးနဲ့ သားသမီးတွေ သေဆုံးခဲ့ရတာတွေနဲ့ ရန်ပုံငွေအခက်အခဲတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီကြားထဲကပဲ ဆရာကြီးယုဒသန်ဟာ မြန်မာဘာသာနဲ့ သမ္မာကျမ်းစာတအုပ်လုံးကို ဘာသာပြန်ဆိုခဲ့သလို အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေလည်း ပြုစုခဲ့ပါတယ်။

သိက္ခာတော်ရဆရာ စောဆမ်ဆန်ကို လက်ရှိ နိုင်ငံတွင်းပဋိပက္ခတွေကို ပြေလည်စေဖို့ နှစ်ခြင်းခရစ်ယာန်အသင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ အသင်းတော်က ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ဆရာကြီး ယုဒသန်ကိုယ်တိုင်က အင်္ဂလိပ်-မြန်မာ စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ ပြန်လည်ပြီး ငြိမ်းချမ်းရေးရဖို့အတွက် သူက ကြိုးစားခဲ့တယ်။ ကျနော်တို့မှာလည်း အဲဒီစိတ်ဓာတ်တွေ ရှိတယ်။ ကျနော်တို့ တချို့တိုင်းရင်းသား သာသနာ ခေါင်းဆောင်တွေဆိုရင် တတ်နိုင်သရွေ့ ငြိမ်းချမ်းရေး ရဖို့ အခန်းကဏ္ဍတွေမှာ ပါဝင်ကူညီခဲ့ကြတာ ရှိတယ်။ ကျနော်တို့ကလည်း အမြဲတမ်း အဆင်သင့်ရှိပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်သူ ၁ ဒဿမ ၆ သန်းခန့်နဲ့ နှစ်ခြင်း အသင်းတော် ၄၉၂၉ ခု ရှိနေတယ်လို့ ဓမ္မသဘင်မှာ ဖြန့်ဝေတဲ့စာအုပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ နှစ်ခြင်းသာသာနာ နှစ် ၁၀၀ ပြည့်ပွဲကို ၁၉၁၃ ခုနှစ်၊ နှစ် ၁၅၀ ပြည့်ပွဲကို ၁၉၆၃ ခုနှစ်နဲ့ ၁၇၅ နှစ်ပြည့်ပွဲကို ၁၉၈၈ ခုနှစ်မှာ ကျင်းပဖို့ ဖြစ်ပေမယ့် ၁၉၉၀ ဒီဇင်ဘာ စသဖြင့် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး အခု နှစ် ၂၀၀ ပြည့်ပွဲကိုလည်း ရန်ကုန်မြို့မှာပဲ သတ်မှတ် ကျင်းပနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013