DVB Logo
Home
မြန်မာသတင်း
CRPH၊ NUG၊ PDF ကြေပြုန်းပျက်စီးသွားမည်ဟု စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ပြော
DVB
·
July 31, 2021
CRPH၊ NUG၊ PDF ကြေပြုန်းပျက်စီးသွားမည်ဟု စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ပြော
Donate to DVB

CRPH၊ NUG၊ PDF အဖွဲ့တွေ  မကြာခင် ကြေပြုန်းပျက်စီးသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေဖန်ရေးသားလိုက်ပါတယ်။

“မြန်မာပြည်ရဲ့နိုင်ငံရေးမိုးသက်လေပြင်းများ” လို့ အမည်ပေးထားတဲ့ဆောင်းပါးမှာ  ၁၉၇၀ ခုနှစ်ဝန်းကျင်က ဝန်ကြီးချုပ်ဟောင်းဦးနု တိုင်းရင်းသားဒေသတွေကို ထွက်သွားပြီးတော့ ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ကာ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ပုံ၊ ၈၈ခုနှစ်လူထုအရေးတော်ပုံကာလမှာလည်း မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုက ရက်တစ်တပ်ဦး (ABSDF) တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲပုံတွေနဲ့ ပဒိုမန်းငြိမ်းမောင်က နှိုင်းယှဉ်ရေးသားထားတာဖြစ်ပါတယ်။  

“ပုဂ္ဂိုလ်ရေးအရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေတောင် ရေရှည်မှာမရပ်တည်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့ လူတွေနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာရယူရေးတစ်ခုထဲကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေးလမ်းစဉ်လည်းမရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကြေပြုန်းပျက်စီးသွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။” လို့ ပဒိုမန်းငြိမ်းမောင်ကဆိုပါတယ်။

ပဒိုမန်းငြိမ်းမောင်ရဲ့ ရေးသားချက်နဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက “ NUG နဲ့ CRPH က အာဏာရယူချင်လို့ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လက်ထဲကို အာဏာတွေ ပြန်လွှဲချင်လို့ပါ။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ ရွေးကောက်ပွဲကနေ ပြည်သူတွေကနေ ပေးအပ်ထားတဲ့  လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီးတော့ ကိုယ့်အာဏာရရှိရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ကျနော်တို့ ဆန့်ကျင်နေတာဖြစ်တယ်။ အဲတော့ ပြည်သူတွေရဲ့ ထောက်ခံချက်နဲ့ လုပ်ဆောင်နေတယ် ၊ ပြည်သူတွေရဲ့ အကျိုးအတွက် လုပ်ဆောင်နေတယ်၊ ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အားလုံးက ပြည်သူသာ ပြည်သူ့အစိုးရ၊ ပြည်သူသာ ပြည်သူ့အကျိုးလုပ်ဆောင်တဲ့ စနစ်မျိုးကို ပြန်သွားမယ့် အရာမျိုး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ရည်မှန်းချက်ရှိပြီးသားပါ၊ ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ အောင်ကို အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိထားပြီးသားပါ၊ ဘာကြောင့်လဲဆိုတော့ ပြည်သူရဲ့ ထောက်ခံမှုနဲ့  ပြည်သူရဲ့ မေတ္တာကို ရရှိထားလို့ ဖြစ်ပါတယ်”လို့တုံ့ပြန် ပြောပါတယ်။ 

CRPH၊ NUG အဖွဲ့တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုကနေ လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝအပ်နှင်းခံရမှုနဲ့ တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေဖြစ်ပြီး နွေဦးတော်လှန်ရေးကို စတင်ခဲ့တဲ့ GZ လူငယ်လေးတွေဟာလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အမြဲတန်းဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒို မန်းငြိမ်းမောင်ဟာ  ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုသွားတဲ့ခရီးစဉ်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခံရပြီး နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ မှတ်ခံခဲ့ရကာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပဒိုမန်းငြိမ်းမောင်ဟာ မိခင် အဖွဲ့အစည်းဖြစ်တဲ့ KNU ကနေ နုတ်ထွက်လိုက်ပြီး ကရင်ပြည်သူ့ပါတီကနေ ပန်းတနော်မြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီအဖွဲ့မှာ အဖွဲ့ဝင် တဦးအဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူခံထားရသူ တစ်ဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013