DVB Logo
Home
မြန်မာသတင်း
သီလ၀ါ ရှယ်ယာများ စတင်ရောင်းချမည်
DVB
·
December 6, 2013
သီလ၀ါ ရှယ်ယာများ စတင်ရောင်းချမည်
Donate to DVB

ရန်ကုန်အရှေ့ပိုင်းခရိုင် သံလျင်မြို့နယ်မှာ တည်ဆောက်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ အများပြည်သူတွေလည်း ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခုလ အတွင်း ရှယ်ယာတွေ စတင်ရောင်းချပေးသွားမယ်လို့ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက ပြောပါတယ်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူး စီးပွားရေးဇုန်ရဲ့ ပထမအဆင့် စီမံကိန်းတွေကို အခု စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဒီစီမံကိန်းမှာ မြန်မာဘက်က ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းထဲက ၄၁ ရာခိုင်နှုန်းကို အများပြည်သူတွေ ထံ ရောင်းချသွားမှာ ဖြစ်ပါတယ်။

[caption id="attachment_47770" align="alignright" width="300"] သီလ၀ါ အထူးစီးပှားရေးဇုနျအား တွေ့မြင်ရစဉ်
သီလ၀ါ အထူးစီးပှားရေးဇုနျအား တွေ့မြင်ရစဉ်[/caption]

ဒီစီမံကိန်းအတွက် ဖွဲ့စည်းထားတဲ့  မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီဟာ ရှယ်ယာ ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး အများပိုင်ကုမ္ပဏီဖြစ်တဲ့ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်က  ရှယ်ယာတွေကို အခုလအတွင်း ရောင်းချပေးသွားဖို့ ရှိကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ရောင်းမှာပဲ။ ရှယ်ယာတစုက သိပ်ဈေးမများလောက်ဘူး။ အများပြည်သူ အားလုံးပါဝင်နိုင်အောင်ပေါ့နော်။ ဥပမာ - ပြည်သူတွေ အားလုံးကြားမှာ သူလည်း ရှယ်ယာ ပါတယ်၊ သူလည်းပါတယ်၊ အဲဒါမျိုး အားလုံးဖြစ်ရမယ်ပေါ့နော်။ အဲဒါကို မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။”

ဒီ စီမံကိန်းဇုန်ရဲ့ အတွင်းပိုင်း အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အပိုင်းကို မြန်မာနဲ့ ဂျပန်အစိုးရ ပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီကနေ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ဇုန်ရဲ့ အပြင်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေကိုတော့  ဂျပန်အစိုးရရဲ့ အိုဒီအေချေးငွေနဲ့ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်ပက စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ အခုချိန်ကတည်းက လာရောက်ကမ်းလှမ်းမှုတွေ ရှိနေတဲ့အပြင် ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဒေါ်သန်းသန်းသွယ်က ပြောပါတယ်။

“အဓိက ကတော့ ကျမတို့ စပြီးကမ်းလှမ်းထားတာ ဂျပန်ဘက်ကလည်း ရှိပါတယ်။ စူဇကီး ကုမ္ပဏီ တို့ ဘာတို့လေ။ တခြား နိုင်ငံတော်တော်များများလည်း လာမေးထားတယ်။ ဒါပေမယ့် ကျမတို့က အကောင်အထည် မဖော်ရသေးတော့။ အဲဒီ မြေငှားဖို့ရာ မဖြစ်နိုင်သေးဘူးလေ။ ကျမတို့ လမ်းတွေဘာတွေဖော်ပြီး မီးတွေဘာတွေ သွယ်ပြီးသွားရင်တော့ မြေငှားဖို့အတွက်ကို ဈေးကွက်အကောင်အထည်ဖော်ဖို့ စလုပ်မှာပါ။ ”

လက်ရှိမှာဆိုရင် ဇုန်ရဲ့အတွင်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့  ပထမအဆင့် စီမံကိန်းဖြစ်တဲ့  မြေဟက်တာ ၄၀၀ အကျယ်အ၀န်းမှာ နေထိုင် နေကြတဲ့ အိမ်ထောင်စုဦးရေ ၆၈ ဦးကိုလည်း ပြန်လည်နေရာချပေးပြီး ဖြစ်လို့ ပြောင်းရွှေ့နေထိုင်ကြပြီ ဖြစ်ကာ စီမံကိန်းအတွက် မြေညှိတဲ့လုပ်ငန်းကို စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့်စီမံကိန်းကို မြန်မာ-ဂျပန်ဖက်စပ်ကုမ္ပဏီ အနေနဲ့ နိုင်ငံတကာအဆင့်မီ တည်ဆောက်သွားမှာ ဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်မှာ စီးပွားဖြစ် စတင်လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားတဲ့အပြင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင် လည်ပတ်မယ့် နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်တခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ ပထမအဆင့်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအမည်ဖြင့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီကို တည်ထောင်ဖို့အတွက် ဖက်စပ်သဘောတူစာချုပ်ကို ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနဲ့ဂျပန် သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီ မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်မှုအနေနဲ့ မြန်မာအစိုးရပိုင်းက ၁၀ ရာခိုင်နှုန်း၊ မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းနဲ့ ဂျပန်ဘက်က MMS Thilawa Development Co,ltd နဲ့  ဂျပန်အစိုးရ အဖွဲ့အစည်းဖြစ်တဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) က ၄၉ ရာခိုင်နှုန်းနဲ့ အသီးသီး ပိုင်ဆိုင်မှု ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013