DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်းတက်ခြင်းကို တစ်ကမ္ဘာလုံးကြုံနေရသည်မှာ သဘာဝဖြစ်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
DVB
·
July 27, 2021
ကုန်ဈေးနှုန်းတက်ခြင်းကို တစ်ကမ္ဘာလုံးကြုံနေရသည်မှာ သဘာဝဖြစ်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
Donate to DVB

စားသောက်ကုန်ဈေးနှုန်းတက်တာကို တစ်ကမ္ဘာလုံးမှာ တွေ့ကြုံနေတာဟာ သဘာဝဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးမှာ ပြောပါတယ်။

ဇူလိုင်လအတွင်း ရက်အလိုက်ကြည့်မယ်ဆိုပါက  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုလျော့ကျလာတယ်ဆိုပေမဲ့  သွားလာမှုတွေကို ကန့်သတ်ထိန်းချုပ်ထားနိုင်မှသာလျှင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်မှာဖြစ်လို့  မလိုအပ်ဘဲ သွားလာတာတွေ မပြုလုပ်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးမှာ  အခက်အခဲတွေရင် ဆိုင်နေရပြီး ကုန်ထုတ်လုပ်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ စားသောက်သုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မှု ကန့်သတ် မထားကြောင်း စားရေးဟာ အဓိကဖြစ်လို့ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြဖို့နဲ့ တဦးချင်း  လုပ်ကိုင်တဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အဆက်မပြတ်လုပ်ကိုင်ကြဖို့လိုအပ်တယ်လို့  ပြောပါတယ်။ 

စားသောက်ကုန်နဲ့ ပတ်သက်ပြီး ကုန်ဈေးနှုန်းတက်တာကို တစ်ကမ္ဘာလုံးမှာ တွေ့ကြုံရလျက်ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သဘာဝမကျတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာလို့ မရကြောင်း၊ Supply (ရောင်းလိုအား) နဲ့ Demand (ဝယ်လိုအား) မမျှပါက ကုန်ဈေး နှုန်းတက်မှာဖြစ်ပြီး ကုန်ကြမ်းတွေ ဈေးမတက်စေရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေမကြီးမြင့်စေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အစာဈေးနှုန်းကြီးမြင့်မှုမရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောပါတယ်။

သွားလာမှုနဲ့  ပတ်သက်လို့ ကန့်သတ်ချက်ထားပေမဲ့ မဖြစ်မနေသွားလာဖို့ လိုတဲ့ကိစ္စတွေ ခွင့်ပြုပေးထားကြောင်း၊ တစ်မြို့နဲ့ တစ်မြို့ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနဲ့ ရောင်းဝယ်ဖောက်ကားမှု မပြတ် တောက်အောင်လုပ်ဆောင်ကြရန် လိုကြောင်းလည်းပြောပါတယ်။

ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးပစ္စည်းတွေနဲ့ တခြားအိမ်သုံးအခြေခံ ဆေးပစ္စည်းတွေ ရောင်းချတဲ့ တချို့သောဆေးပစ္စည်းဆိုင်တွေ ဈေးနှုန်းတင် ရောင်းချတာ၊ သိုလှောင်ပြီး ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်စေဖို့ ဆိုင်ပိတ်တာတွေ ပြုလုပ်လျက်ရှိကြောင်း သိရှိရလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်တွင် ဆေးပစ္စည်းရောင်းချမှုနဲ့ ပတ်သက်လို့  စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက် ကြပ်မတ်ပေးဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

အောက်ဆီဂျင်လိုအပ်တဲ့ နေရာတွေကို စနစ်တကျ ဖြန့်ခွဲပေးဖို့  စီမံခန့်ခွဲမှုအပိုင်းအားနည်းတာ ရှိနိုင်လို့  အောက်ဆီဂျင် ထုတ်လုပ်မှု၊ မှာယူတင်သွင်းမှု၊ ဖြန့်ခွဲမှုကို စနစ်တကျ စီမံဆောင်ရွက်ပေးဖို့၊ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်မျှော်တွေးပြင်ဆင်ထားကြဖို့၊ ပြည်တွင်းမှာ လိုအပ်တဲ့ အခြေခံ အိမ်သုံးဆေးဝါးတွေကို မိမိတို့ ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်ကြဖို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းသွားတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ  ဇူလိုင်လအတွင်း ရောဂါကူးစက်မှုရော သေဆုံးသူပါ စံချိန်တင် မြင့်တက် နေပြီး သုသာန်တွေမှာလည်း လူသေအလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ တန်းစီစောင့်နေရပါတယ်။ 

မြန်မာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစု ၇,၅၀၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇၄,၁၅၅ ယောက်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့က တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့က  သုသာန် ၄ ခုမှာတင် မနေ့က  မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့တယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကသောင်းကနင်းဖြစ်ပွားနေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွာရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း လျော့ကျမယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

Photo- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013