DVB Logo
Home
နိုင်ငံတကာ
အီရန်ကို ၈ ရက်ဆက်တိုက် အမေရိကန် တိုက်ခိုက်၊ အီရန် ပစ်ခတ်သဖြင့် ဂျော်ဒန်ရှိ ကန်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
DVB
·
July 20, 2026
Photo: Social Media/via REUTERS
Photo: Social Media/via REUTERS
Donate to DVB

အမေရိကန်စစ်တပ်က အီရန်အပေါ် ၈ ည ဆက်တိုက် တိုက်ခိုက်မှုကို အပြီးသတ်ခဲ့ပြီး အီရန်စစ်ဘက် ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ လေကြောင်းကာကွယ်ရေး အဆောက်အအုံတွေကို ထိမှန်ခဲ့တယ်လို့  အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့လည်း အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ အီရန်တောင်ပိုင်းရှိ ဆီရစ်အနီးမှာ တိုက်ခိုက်ခဲ့သလို အီရတ်နယ်စပ်နဲ့ နီးတဲ့ ရှာဒီဂန်နေရာအနီးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေ ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ဘယ်လောက်ရှိလဲ ဆိုတာတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အီရန်ရဲ့ တံတားတွေ၊ ဓာတ်အားပေးစက်ရုံတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေကို အမေရိကန်က ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၁၈ ရက်မှာ အီရန်ကလည်း အမေရိကန်ရဲ့ ပင်လယ်ကွေ့မဟာမိတ်တွေနဲ့ ဂျော်ဒန်နိုင်ငံတို့ကို ထပ်တိုက်ခိုက်ခဲ့ပါတယ်။ 

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

ဒါ့အပြင် တခြားတပ်ဖွဲ့ဝင် ၄ ယောက်လည်း ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ကူဝိတ်မှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်း ၂ ခုကိုလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။

အမေရိကန်အခြေစိုက်စခန်းတွေကို ကာမီကာဇေဒရုန်းတွေသုံးပြီး ကြီးမားတဲ့ တိုက်ခိုက်မှုကြီး လုပ်မယ်လို့ အီရန်က ပြောတယ်လို့ အီရန် အစောင့်တပ်ဖွဲ့သတင်းတွေ ဖော်ပြတဲ့ တက်စနင်မီဒီယာက ဖော်ပြပါတယ်။

အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ်က ကမ့်အာရစ်ဖ်ဂျန်စခန်းမှာရှိတဲ့ အမေရိကန်စစ်ဘက် ထောက်ပံ့ရေးစင်တာကို တိုက်ခိုက်ခဲ့ပြီး အလီအယ်လ်ဆလမ် လေတပ်စခန်းမှာရှိတဲ့ ရေဒါအဆောက်အအုံတခုကို ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ဒုံးကျည်နဲ့ ဒရုန်းခြိမ်းခြောက်မှုတွေကြောင့် ကူဝိတ်နိုင်ငံက ရေငန်သန့်စင်စက်ရုံတခု ထိခိုက်ခဲ့ပြီး ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ငန်းလည်ပတ်တာတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

ကူဝိတ်ရေနံကော်ပိုရေးရှင်းက သူ့ရေနံစက်ရုံတခုဟာ အီရန်ရဲ့ ထပ်ခါတလဲလဲ တိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့ပြီး လူတချို့ဒဏ်ရာရတဲ့အပြင် သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

ကူဝိတ်လက်နက်ကိုင်တပ်ဖွဲ့တွေက စနေနေ့အစောပိုင်းမှာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မီးသတ်သမားတွေနဲ့ ရေနံကဏ္ဍ လုပ်သားအများအပြား တိုက်ခိုက်ခံရတာကို တုံ့ပြန်နေချိန်မှာ ဒဏ်ရာရခဲ့ကြတယ်လို့လည်း ထပ်ပြောပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ဆင်ရေးကို အကြီးအကျယ် စတင်ခဲ့ပြီးတဲ့ နောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၆ ယောက် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ပြီးပါပြီ။

အီရန်ဟာ ဂျော်ဒန်နိုင်ငံထဲက အမေရိကန်စစ်စခန်းတွေကို ၄ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။

အီရန်တပ်ဖွဲ့တွေဆီမှာ ဒုံးကျည်တွေ အများကြီး ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်တွေကို ရှောင်တိမ်းနိုင်စွမ်းကို မြှင့်တင်ထားကြောင်း ပြသနေတယ်လို့ The New York Times သတင်းမှာ ရေးပါတယ်။

အီရန်ရဲ့ ပထမဆုံးတိုက်ခိုက်မှုက ကင်းဖိုင်ဆယ်လ် လေတပ်စခန်းက လူနေအဆောက်အအုံတခုကို ထိမှန်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒုတိယတိုက်ခိုက်မှုက အရှေ့ဂျော်ဒန်ထဲက အခြေစိုက်စခန်းတခုကို ပစ်မှတ်ထားခဲ့ပြီး အမေရိကန် Black Hawk ရဟတ်ယာဉ်တွေ အမြောက်အမြား ပျက်စီးခဲ့ပါတယ်။

မူဝါဖာ့ ဆာလ်တီလေတပ်စခန်းက တိုက်လေယာဉ် သိုလှောင်ရာ ဂိုဒေါင်တွေနဲ့ ကားရပ်တဲ့နေရာတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ် ၂ စင်းထက်မနည်းအပြင် တခြားလေယာဉ် အမြောက်အမြားလည်း အပြင်းအထန် ပျက်စီးခဲ့တယ်လို့ အီရန် အစ္စလာမ်တော်လှန်ရေးအစောင့်တပ်က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013