DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်မြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင်ပြန်ဝင်ခွင့်ပြု
DVB
·
July 26, 2021
တရုတ်နယ်စပ်မြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို  တရားဝင်ပြန်ဝင်ခွင့်ပြု
Donate to DVB

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီနဲ့ ကျယ်ဂေါင် နယ်စပ်မြို့တွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နိုင်ငံ အဝင်အထွက်ဂိတ်ဖြစ်တဲ့ နန်းတော် (အလယ်) ပေါက်ကနေ မြန်မာဘက်ကို ဇူလိုင်လ ၂၆ ရက် ဒီနေ့ မနက်က စတင် တရားဝင် ပြန်ဝင်ရောက်ခွင့် ပေးနေပါတယ်။

ဒီကနေ့ တရုတ်ဘက်ကနေ လွှဲပြောင်းပေးလာသူ  မြန်မာနိုင်ငံသား အမျိုးသား  ၁၉ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၄၇ ဦး ရှိပြီး ‌မူဆယ်မြို့မှ သက်ဆိုင်ရာ ခရိုင်ထွေအုပ်၊ ရဲ၊ လူမှုကူညီရေး စတဲ့အဖွဲ့က တာဝန်ရှိသူတွေက လက်ခံခဲ့ကာ မူဆယ် လူသားချင်းစာနာထောက်ထားမှု ကူညီ‌‌ပေးရေးအဖွဲ့က နေ့လည်စာကျွေးမွေး ကြိုဆိုခဲ့တယ်လို့ လွှဲပြောင်းလက်ခံယူတဲ့ထဲ ပါဝင်တဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီနေ့ ပထမဆုံးနေ့မှာတော့ မြန်မာစံတော်ချိန် မနက် ၈ နာရီမှာ စတင်လွှဲပြောင်းဖို့ သတ်မှတ်ထားပေမယ့် ၁၁ နာရီလောက်မှ လွှဲဖြစ်ကာ ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ် ရှိသူတွေ အများဆုံး ထွက်လာပြီး မိမိပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး အိမ်မွေးတိရစ္ဆာန်တွေအပါ ယူဆောင်လာကြတယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

နေရပ်ပြန်လာသူတွေအနေနဲ့  မိမိဒေသရောက်မှ ကွာရန်တင်းဝင်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

“ကျယ်ဂေါင်တို့ ရွှေလီတို့ အဖွဲ့တွေ ထွက်ချင်လို့ ဝိုင်းပြီးတောင်းဆိုတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ညှိပြီးတော့ နန်းတော်ဂိတ်ကနေ ထွက်ခွင့်ပေးမယ်။ ကိုယ့်ရွာ တန်းပြန်။ ဟိုမှာ Q ဝင်။ သူတို့ ပစ္စည်းတွေ ဘာတွေတရားဝင် ထုတ်ပြီး သယ်လို့ရမှာ” လို့ ဦးမန်းမျိုးမြင့်က ပြောပါတယ်။

တရုတ်နိုင်ငံက ထွက်ခွာမယ့် သူတွေက နယ်စပ် ဖြတ်သန်းခွင့် စာအုပ်အနီ၊ ၇ ရက်ကတ်၊ နေထိုင်ခွင့် စာအုပ် အစိမ်း၊ ပေါက်ဖော်ကတ် စသဖြင့် အထောက်အထား (ရက်လွန်သည်ဖြစ်စေ) တစ်ခုခုနဲ့  ၄၈ နာရီအတွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးထားပြီးလက်မှတ်ရှိမှသာ ထွက်ခွင့်ပေးတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှ ထွက်ခွာမယ့် နေရပ်ပြန်တွေကို  ဇူလိုင်လ ၂၆ ရက်နေ့ ကစ နေ့စဉ် မြန်မာစံတော်ချိန် မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ နှစ်နိုင်ငံ အဝင်၊ အထွက် တရားဝင်ဂိတ်ဖြစ်တဲ့ နန်းတော်ဂိတ် (အလယ်ပေါက်) ကို ရက်အကန့်အသတ်မရှိ ဖွင့်ပေးသွားမှာ ‌ဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့က “ ၈ နာရီကနေ စဖွင့်မယ်ဗျ နော်။ အဲကနေ ၁၂ နာရီထိ။ ပစ္စည်းတွေ အကုန်သယ်လို့ ရတယ်နော်။ ယူလို့ရတယ်နော်။ အခကြေးငွေ တစ်ပြားမှ ပးစရာ မလိုဘူး။ ကျနော်တို့ နှစ်နိုင်ငံတာဝန်ရှိ လူကြီးတွေကနေပြီး ညှိနှိုင်းပြီးတော့ ကျနော်တို့င ဆောင်ရွက်ပေးပါတယ်။” လို့ ပြောပါတယ်။

တရုတ်အစိုးရကတော့  ပုံမှန်အလုပ်အကိုင်နဲ့ ဝင်ငွေမရှိသူတွေကို ပြည်နှင်ဒဏ် ပေးသွားမှာ ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ 

ဒီနေ့ မနက်မှာတော့ တရုတ်ဘက်က နိုင်ငံခြားသားတွေ ပုံမှန် အလုပ်အကိုင်နဲ့ ဝင်ငွေ မရှိပါကလည်း မိမိလက်ထဲ တရုတ်ငွေ ယွမ် ၂ သောင်း၊ မြန်မာငွေ ကာလတန်ဖိုး ၄၈ သိန်း ဝန်းကျင် ရှိကြောင်း ပြနိုင်သူတွေကို နေထိုင်ခွင့်ပြုကြောင်း ထပ်မံ အသိပေး ကြေညာထားပါတယ်။

ဇူလိုင် ၂၅ ရက် တရုတ်စံတော်ချိန် နေ့ခင်း ၁၂ နာရီက ရွှေလီမြို့ကို လော့ခ်ဒေါင်းမှ  Stay at Home သို့ဖြေလျှော့သတ်မှတ်ပြီးနောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လိုပါက  ကိုဗစ်-၁၉ ရှိ မရှိ ပိုးစစ်ပြီး ၄၈ နာရီ အတွင်း ထွက်ခွာဖို့ ကြေညာထားပါတယ်။

Photo -KKKTh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013