DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သုဿန်လေးခု၌ ယနေ့ မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိ
DVB
·
July 23, 2021
ရန်ကုန်သုဿန်လေးခု၌ ယနေ့ မီးသင်္ဂြိုဟ်ရသည့် ရုပ်အလောင်း   ၁၀၀၀ ဝန်းကျင်ရှိ
Donate to DVB

ရန်ကုန်မြို့ သုသာန်လေးခုမှာ ဇူလိုင် ၂၃ ရက် ဒီနေ့  မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိပြီး မနေ့ကထက် သေဆုံးနှုန်းကျသွားတဲ့အခြေအနေကိုတွေ့ရတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ဒီနေ့ ရေဝေးမှာ မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်း ၃၅၀ ဝန်းကျင်၊ ထိန်ပင်မှာ ၃၅၀ ဝန်းကျင်၊ ကျီစုမှာ ၁၂၀ ကျော်၊ ကျူချောင်းမှာ ၁၅၀ ကျော်ရှိခဲ့ပါတယ်။ အရင်ရက်တွေတုန်းက မီးသင်္ဂြိုဟ်ရ မီးရတဲ့ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။

ရေဝေးနဲ့ ထိန်ပင် သုသာန်တွေကိုသွားရောက်ခဲ့တဲ့ ပရဟိတသမားတစ်ဉီးက "ထိန်ပင်မှာ ညနေ ၄ နာရီခွဲကို ၃၁၂ လောင်း။ ရေဝေးမှာ ညနေ ၆ နာရီခွဲအထိကို ၃၅၀ လောင်းပဲရှိတယ်။ အသေအပျောက်နည်းနည်းကျသလိုပဲ။ မနေ့ကဆို ဒီနေရာမှာ အလောင်းတွေတန်းစီနေတာ အခုမရှိတော့ဘူး။"

ရွှေပြည်သာမြို့နယ်လို အခြေခံလူတန်းစားများတဲ့မြို့နယ်တွေ ခွဲတမ်းကျထားတဲ့ ကျူချောင်းသုသာန်မှာတော့ ရုပ်အလောင်း ၁၅၀ လောက်အထိရှိနေပါတယ်။ ကျူချောင်းသုသာန်ဟာ ပုံမှန်ကာလ တနေ့ အလောင်း ၂၀ လောက်ပဲ မီးသင်္ဂြိုဟ်ရပေမယ့် ကပ်ရောဂါတတိယလှိုင်းကာလမှာ ရုပ်အလောင်းတွေအဆမတန်များပြီး မနိုင်မနင်းဖြစ်နေပါတယ်။

ကျူချောင်းသုဿန်ပရဟိတသမားတစ်ဉီးက "ဒီနေ့ ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ စာရင်းအတိအကျတော့မသိရသေးဘူး။ ဟိုးအရင်တုန်းက ဌာန်ကုန်ရှိ တနေ့ကို ၁၅၊ ၂၀ ပေါ့။ အဲ့ဒီထက်မပိုဘူး။ မြို့နယ်တွေပြန်ခွဲလိုက်တော့ ဒီမှာလာပုံသွားတာလည်းပါပါတယ်။ ရွှေပြည်သာမြို့နယ်ဘက်ဆိုတော့ အခြေခံလူတန်းစားများတယ်ဗျ။ ကားမလောက်တာတွေ၊ ကိုယ်ပိုင်ကားတွေနဲ့လာပို့ရတာတွေ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ လာပို့ရတာတွေ အများကြီးပဲဗျ။ ကျနော်တို့င ၆လောင်းလောက် လိုက်ပို့ပေးရင် ၂ လောင်းလောက်ပဲ အလှူငွေရတယ်ဗျ။ ကျန်တဲ့ ၄လောင်းလောက်ကိုတော့ အခမဲ့ကူညီပေးပါတယ်ဗျ"လို့ ပြောပါတယ်။

ရုပ်အလောင်းတွေများတဲ့အတွက် သုဿန်တွေမှာ ရုပ်အလောင်းတွေကို အချိန်မှီ မီးသင်္ဂြိုဟ်နိုင်ဖို့  ပရဟိတအသင်းတွေက ကြိုးစားနေပေမယ့် သေစာရင်းနဲ့ မီးသင်္ဂြိုဟ်ခွင့်ထုတ်ပေးတဲ့ မြို့နယ်ဒေသန္တရကျန်းမာရေးဉီးစီးဌာနတွေက အချိန်နဲ့တပြေးညီမဆောင်ရွက်ပေးတဲ့အတွက် နှောင့်နှေးတာတွေရှိနေတယ်လို့ ပရဟိတသမားတွေကပြောပါတယ်။

ရုပ်အလောင်းတွေ အဆမတန်များတဲ့အတွက် အချိန်ကြာရင် အရည်ထွက်တာမျိုးတွေရှိတဲ့အတွက် သယ်ရတာအဆင်မပြေဘူးလို့လည်းဆိုပါတယ်။

ကျီစုသုဿန် ပရဟိတသမားတစ်ဉီးက "ကျီစုမှာရုပ်အလောင်းနည်းသွားတယ်ဆိုပေမယ့် နောက်ဆုံးဝင်တဲ့အဝင်အရဆိုရင် ၁၂၀ လောက်ရှိမယ်ဗျ။ ဟိုရက်ကပုံသွားတယ်ဆိုတာက ရေဝေးခွဲတမ်းမြို့နယ်တချို့ကို ကျီစုပို့လိုက်လို့ပါ။ အခုအဲ့ဒီခွဲတမ်း ၅မြို့နယ်ကို ရေဝေးကိုပြန်လွှဲပေးလိုက်ပြီ။ အဲ့တော့ ရေဝေးမှာ သွားပုံပြန်ပြီဗျ"လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့အတွက် ရုပ်အလောင်းတွေ မီးသင်္ဂြိုဟ်ရာမှာ သုဿန်အားလုံးကို ညနေ ၆နာရီအထိပဲနောက်ဆုံးခွင့်ပြုခဲ့ပါတယ်။ ကျန်နေတဲ့ရုပ်အလောင်းတွေကို ရေခဲတိုက်မှာ ထားပြီးနောက်နေ့မှ မီးသင်္ဂြိုဟ်ခွင့်ပြုမှာဖြစ်ပါတယ်။

အရင်ရက်တွေတုန်းက ညပိုင်းအထိ မီးသင်္ဂြိုဟ်ခွင့်ပြုခဲ့ပြီး သေဆုံးနှုန်း တကယ် ကျမကျဆိုတာ နောက်ရက်တွေကို စောင့်ကြည့်ရဦးမယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၆,၇၀၁ ယောက်ရှိပြီး သေဆုံးသူအရေအတွက်ကတော့ ၃၁၉ ယောက်ရှိတယ်လို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Photo-ဘိုစိန် လူမှုကူညီကယ်ဆယ်​ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013