DVB Logo
Home
မြန်မာသတင်း
မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်း ထိခိုက်နိုင်
DVB
·
December 5, 2013
မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကြောင့် ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်း ထိခိုက်နိုင်
Donate to DVB

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေပြီး  မြန်မာငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာဟာ ရေရှည်မှာ  မြန်မာ့  ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းအပေါ် ထိခိုက် လာနိုင်တယ်လို့ မြန်မာ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

A woman counts U.S. dollars after exchanging her yen at a money changer in Tokyoပြည်တွင်းငွေလဲ ဈေးကွက်မှာ  မြန်မာကျပ်ငွေဟာ  အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်စလို့ နေ့စဉ်လိုလို ကျဆင်းနေတာ ဖြစ်ပါတယ်။ မနေ့က ဆိုရင်  ငွေလဲကာင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာ ၀ယ်ဈေးနဲ့ ရောင်းဈေးက ၉၇၇ ကျပ်နဲ့ ၉၈၅ ကျပ်ရှိလို့  ဈေးနှုန်း ကွာခြားချက်က ပြီးခဲ့တဲ့ ၁၀ ရက်ကျော်အတွင်းမှာ ၁ဒေါ်လာကို ၀ယ်ဈေးနဲ့ ရောင်းဈေးက ၁၀ကျပ်ခန့် မြှင့်တက်ခဲ့ ပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးက အတက်ဘက်ကို ဆက်လက်ရှိနေမယ်ဆိုရင် ဒါဟာ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်လို့ တည်ငြိမ်တဲ့ဈေးနှုန်းတခုကိုဘဲ လိုအပ်တယ်လို့  ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းရှင်တဦးလဲ ဖြစ်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ဒေါ်လာဈေး အခုလောက် တက်လာတာဟာ လုပ်ငန်းရှင်တွေအတွက် သိပ်ပြီးတော့ ထိခိုက်မှုမရှိသေးဘူးလို့ ထင်တယ်။ ဒါပေမယ့် ဆက်တိုက် ဆက်တိုက် တက်သွားရင် မှာထားတဲ့ ပစ္စည်းတွေက ဈေးကွာဟမှုဖြစ်တော့ လုပ်ရကိုင်ရတာ မလွယ်ဘူးပေါ့လေ။ မနှစ်ကလိုပေါ့ တဒေါ်လာ ကျပ် ၈၀၀ ကနေ ဆက်တိုက် တက်လာတာ အဲဒါမျိုးကြတော့ သက်ရောက်မှုက တော်တော်ကြီးတယ်။”

အလားတူ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးဝင်းကြိုင်ကလည်း  ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းက ၁ ဒေါ်လာကို ၅ ကျပ်နဲ့ ၁၀ ကြား ဈေးနှုန်း ကွာဟမှု ရှိနေတာက ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိပေမယ့် ၁ ဒေါ်လာကို ၃၀ ကျပ်ခန့် ဈေးနှုန်း ကွာဟမှု ရှိလာခဲ့ရင် ဒီအကျိုးသက်ရောက်မှုက အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာတယ့် ပြဿနာမျိုးပါ ရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းက ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် မျှခြေရှိတဲ့ ဈေးနှုန်းတခု ဖြစ်ဖို့ လိုအပ်ပုံကို သူက အခုလို ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့က အခု ငွေလဲ စရိတ်က ကျနော်တို့အားလုံး အလုပ်လုပ်နိုင်တဲ့ မျှခြေတခုပေါ် ရောက်ပြီးတော့မှ အဲဒီ မျှခြေပေါ်မှာ ငြိမ်ငြိမ်ကလေးနေပြီး ဒီငွေလဲလှယ်နှုန်းနဲ့ ညီမျှတဲ့ လုပ်ငန်းကို အားလုံးဝိုင်းပြီးတော့ လုပ်နိုင်ကြရင် တတိုင်းပြည်လုံးရဲ့ ကုန်ဈေးနှုန်းတွေလည်း တည်ငြိမ်မယ်၊ တိုင်းပြည်မှာလည်း ငွေဖောင်းပွနှုန်းတွေ ငွေလဲနှုန်းကြောင့် စီးပွားရေးအရ ဖြစ်ပေါ်မယ့် အကျိုးအပြစ်တွေ ကင်းသွားပြီးတော့ ကျနော်တို့ အားလုံးချိန်ဆပြီး လုပ်လို့ရမယ့် အနေအထားမျိုး ဖြစ်လာမယ်လို့ မျှော်မှန်းတယ်ဗျာ။”

စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုကတော့ အခုလို မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာက မြန်မာနိုင်ငံရဲ့ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာနဲ့ ပတ်သတ်လို့ အခုလို သုံးသပ် ပြောပါတယ်။

“မြန်မာငွေတန်းဖိုးကျသွားတဲ့အတွက် ပို့ကုန်က သွင်းကုန်ထက် မြင့်သွားရင်ကောင်းတာပေါ့။ ပို့ကုန်က သွင်းကုန်ထက် မမြင့်ပဲနဲ့ သွင်းကုန်က မြင့်မားဆဲ မြင့်မားနေပြီးတော့ မြန်မာငွေ တန်းဖိုး ကျသွားတယ်ဆိုရင် အဲဒီအတွက်ကို ပြည်သူတွေ ပိုခံရမှာပေါ့။ အထွေထွေ စားသုံးကုန် လူသုံးကုန် အိမ်သုံးကုန် ဆေးဝါး ပြည်ပက တင်သွင်းရတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက မြင့်သွားမှာပေါ့။”

ပြည်တွင်းမှာ ဒေါ်လာတန်ဖိုးမြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေရတဲ့ အကြောင်းရင်းက လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုမှာ ပို့ကုန်ထက် သွင်းကုန် ပမာဏက ပိုမြင့်လို့  ကုန်သွယ်မှုမှာ  လိုငွေရှိနေတဲ့အပြင် နိုင်ငံတော်အတွက် ဘတ်ဂျက်လိုငွေကလဲ ရှိတဲ့အတွက် ငွေကြေးလည်ပတ်မှု (money supply) ကလည်း မြင့်တက်နေတာကြောင့် ဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာငွေတန်ဖိုး ကျဆင်းနေတာက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ကုန်စည်တန်ဖိုးမှာ အရင်ကထက်ပို ရရှိလို့ ကောင်းတယ်လို့ ဆိုရပေမယ့်လည်း ရေရှည်ကာလအထိ အခုလို ဆက်လက်ကျဆင်းနေမယ်ဆိုရင် ဒီသက်ရောက်မှုအကျိုးဆက်က တခြားမလိုလားအပ်တဲ့ ပြဿနာတွေပါ ၀င်ရောက်လာမှာ ဖြစ်လို့ ဒါက ပို့ကုန်လုပ်ငန်းအပါအ၀င် သွင်းကုန် လုပ်ငန်းအပေါ် မှာလည်း ထိခိုက်မှုကရှိတာပါလို့ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013