
ရေဘေးဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် သားအဖ ၂ ယောက် သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
ငဝန် ရေကာတာ ကျိုးပေါက်တာကြောင့် ရေဘေးဒဏ်ကို အချိန်တလလောက်အထိ အဆိုးဆုံးခံစားနေရတဲ့ လေးမျက်နှာမြို့နယ်ထဲက ရခိုင်ရိုးမအစပ်မှာရှိတဲ့ ပန်းတောကြီးကျေးရွာကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၅ ရက် မနက် ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် သားအဖ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “သေဆုံးသူ ၂ ယောက်က သားအဖ ၂ ယောက်လို့ သိရတယ်။ ပန်းတောကြီးတောစပ်က အရပ်သားနေအိမ်တွေ ဗုံးကြဲခံရတာ။ သားအဖ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ ကျော်အရွယ် ဦးလှရွှေနဲ့ ၃၀ ကျော်အရွယ် ကိုမင်းထွေး တို့ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ စစ်ရှောင်လာပြီး နီးစပ်ရာမိသားစုတွေရဲ့နေအိမ်တွေမှာ နေထိုင်ကြတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က ပန်းတော်ကြီးကျေးရွာကို ဂျက်ဖိုက်တာတွေ အသုံးပြု ဗုံးကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပန်းတောကြီးကျေးရွာဟာ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ အဓိကတိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတခုဖြစ်ပြီး တော်လှန်ရေးတပ်တွေသိမ်းယူရရှိခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။











