
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ဖာပွန်ကို ရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်အောင် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့အတွက် ရှေ့ဆက်မတိုးနိုင်အောင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။
မူတြော်ခရိုင်၊ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “စကမ စစ်ကြောင်းတွေက သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ကတိုင်တိတော့ လွန်လာတယ်။ အပေါ်ဘက်ကို တိုးနေတာ။ တိုက်ပွဲက တောက်လျှောက်ဖြစ်တာ။ နေ့စဉ်ဖြစ်တာ။ တနေရာမဟုတ် တနေရာ ဖြစ်တာ။ စကမစစ်ကြောင်းက တအားကြီး အားကောင်းနေတာ မဟုတ်ဘူး။ အခြေအနေတွေက အနုတ်လက္ခဏာဘက်မှာ။ စကမ စစ်ကြောင်းထဲမှာ ဆိုလို့ရှိရင် တိုက်ပွဲကြောင့် သေတဲ့လူတွေလည်း ရှိသလို ဒဏ်ရာရတဲ့ သူတွေလည်း ရှိတယ်။ အဲဒီထက်မကဘူး၊ အခြေအနေအရ ရက်က ကြာလာတဲ့အခါကျတော့ သူတို့လူတွေ ထွက်ပြေးတာတွေ၊ ထွက်ပြေးသွားတဲ့သူတွေက တဦး တယောက်တည်း မဟုတ်ဘဲ အုပ်စုလိုက် ရှိနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စစ်ကြောင်းတွေက အနီးအနားက ကျေးရွာတွေကို လေကြောင်းအပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “လက်ရှိကတော့ စကမက ဖာပွန်ကို အရဝင်မယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်က ရှိထားပြီးသား ဖြစ်တယ်။ အဲဒီတော့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း အသည်းအသန် ခုခံနေတယ်။ တကယ်လို့များ ခုခံတာက မအောင်မြင်ဘဲနဲ့ စကမဘက်က အောင်မြင်သွားမယ် ဆိုလို့ရှိရင်တော့ ဖာပွန်ရဲ့အခြေအနေက ဒေသခံပြည်သူလူထုတွေ အတွက်ကတော့ စိုးရိမ်စရာရှိတယ်။ နောက်တခုက ဖာပွန်မှာပဲ ထိုင်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်တာမျိုး၊ စားနပ်ရိက္ခာတွေ ဖြတ်တောက်တာမျိုး အဲလိုမျိုး လုပ်ငန်းတွေကို သူတို့ဘက်ကနေပြီ အရှိန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်လာဖို့ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စစ်ကြောင်းတွေ ဖာပွန်မြို့ကို ရောက်ရှိလာရင် ဒေသခံပြည်သူတွေကို ပေါ်တာဆွဲတာ၊ မုဒိမ်းကျင့်တာ၊ လူသတ်တာ၊ အနိုင်ကျင့်တာတွေအပြင် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေရဲ့ နေအိမ်က ပစ္စည်းတွေကို အတင်းအဓမ္မ ယူတာတွေ လုပ်ဆောင်လာနိုင်တဲ့အတွက် စိုးရိမ်ရတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနား ကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။










