
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မေ ၈ ရက် မနက်ပိုင်းက လုံးခင်းကျေးရွာအုပ်စုထဲကို စစ်အာဏာရှင်လေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
ပထမအကြိမ်တိုက်ခိုက်ခံရမှုမှာ မလောင်ရွာရှိ နဂါးကိုးကောင်လုပ်ကွက်အနီးမှာ ဗုံးထိမှန်ပြီး ကုမ္ပဏီ ဝန်ထမ်းတယောက် ပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။
နောက်ထပ် မှော်ဆီစာ- ကုဋေမှော်လမ်းဆုံမှာ ထပ်မံလေယာဉ်နဲ့ ဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ တွေလည်းရှိတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“မေ ၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မလောင်ရွာအနီးတဝိုက်ကို ဟုမ္မလင်းလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်။ ပြီးရင် နေ့လယ် ၁၂ နာရီလောက်မှာလည်း ဟုမ္မလင်း က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ပဲ ကုဋေလမ်းဆုံက ပြည်သူတွေရှိတဲ့နေအိမ်တွေကို ဗုံးကြဲ တိုက်ခိုက်သွားတယ်။ ထိခိုက် သေဆုံးတာတွေလည်း ရှိတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီမနက်လည်း လုံးခင်းအောက်ဈေးက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ကားတွေ သိမ်းတာတွေ ရှိတယ်။ ပြီးရင် ပြည်သူတွေဆီက ပစ္စည်းဥစ္စာတွေ လုယူတာ သိမ်းယူတာတွေ ရှိတယ်။”
လေယာဉ်ဗုံးကြဲခံရတဲ့နေရာတွေမှာ မီးလောင်နေပြီး လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေတွေ ကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ လုံးခင်းကျေးရွာအုပ်စုမှာ စစ်ရေးအတွက် အရေးပါတဲ့ တောင်ကုန်းနေရာ ၃ ခုလောက်မှာ အင်အား ၃၀၀-၄၀၀ ကြား တပ်စွဲထားပြီးနောက် မေလဆန်းပိုင်း မှာပဲ KIA နဲ့ PDF တပ်တွေ စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်နေသလို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
မေ ၃ ရက်ကနေ ၆ ရက်အထိ လုံးခင်းဆေးရုံနဲ့ သင်္ချိုင်းကုန်းနေရာ တလျှောက်မှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး ဖမ်းမိတဲ့ စစ်တပ်က တပ်သား ၁၅ ယောက်ရှိပါတယ်။
မေ ၇ ရက်မှာလည်း စစ်တပ်နေရာယူထားတဲ့ ဂေါက်ကွင်းနဲ့ သင်္ချိုင်းကုန်းနေရာက စစ်ကြောင်းတချို့ ထွက်ခွာလာတဲ့အတွက် KIA နဲ့ PDF တပ်ဖွဲ့တွေ ပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
“ဖားကန့်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာ။ ဒီရက်ပိုင်းတော့ လုံးခင်းဆေးရုံကုန်းနဲ့ မှော်စီစာ တဝိုက်မှာလည်း တိုက်ပွဲတွေလည်းရှိတယ်။ စစ်ကြောင်းထိုးထားတဲ့ ဖားကန့်ကို အင်အားဖြည့် ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရယ် မင်းဇေသန့်ပြည်သူ့စစ်တွေရယ် လီဆူ ပြည်သူ့ စစ်ရယ် ဇခုန်တိန့်ယိန်း ကချင်အထူးဒေသ ၁ ပြည်သူ့စစ်တွေရယ် SNA ရှမ်းနီတပ်မတော်တွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာ။ သူတို့က ပြည်သူတွေရှိတဲ့နေရာကို အဓိက စစ်ကြောင်းထိုးထား တာ၊ အဓိက လုံးခင်းရွာတဝိုက် တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်။”
စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကားမိုင်း – နန့်ယားလမ်းကို အသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ စစ်ကြောင်းတွေဖြစ်ပြီး လုံးခင်း၊ မှော်ဆီစာကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာ တလကျော်ရှိပါပြီ။
ဧပြီလ အတွင်းမှာပဲ အဲဒီစစ်ကြောင်းတွေက KIA ထိန်းချုပ်နေရာတွေဖြစ်တဲ့ မော်ဝမ်းကြီးအနီးက ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ လုံးခင်းသင်္ချိုင်းကုန်းနေရာနဲ့ မရှီကထောင် အနောက်ဘက်ခြမ်း KBC ဆုတောင်းကုန်း နေရာတွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း လက်လွှတ်လိုက်ရတဲ့နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေသလို စစ်တပ်က စစ်အင်အားဖြည့်တင်းနေတဲ့ ကားမိုင်း – နန့်ယားလမ်းပိုင်းကိုလည်း သွားလာခွင့်တားမြစ်ထားပါတယ်။
ဖားကန့်ဒေသမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကနေစပြီး တိုက်ပွဲပြင်းထန်နေတာ ၄ လကျော်လောက် ကြာမြင့် လာခဲ့ပြီဖြစ်ပါတယ်။
ဟန်န










