DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
July 20, 2021
အန်အယ်လ်ဒီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
Donate to DVB

အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ရန်ကုန်မြို့ ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဇူလိုင် ၂၀ ရက်  ဒီနေ့မနက်က ၉ နာရီကျော်လောက်က ကွယ်လွန်သွားပြီလို့ အန်အယ်လ်ဒီအသိုင်းအဝိုင်းကသိရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ဦးဉာဏ်ဝင်း ဒီနေ့မနက်က ကွယ်လွန်သွားတဲ့ အကြောင်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက အတည်ပြုပြောသလို သူ့ရဲ့ တပည့် ရှေ့နေ တစ်ဦးကလည်း ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ရှေ့နေ ဒေါ်စန်းမာလာညွန့်က "ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီ ၂၀ ဝန်းကျင်လောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ သူသတိကောင်းကောင်းရတယ်။ မနေ့ကစပြီး စိတ်ကယောင်ချောက်ချားစဖြစ်တယ်။ အိမ်ပြန်ချင်တယ်လို့ ပြောတယ်။ မနေ့ကအထိ အောက်ဆီဂျင်သိပ်မကျဘူး။ အခုမနက် ၄ နာရီလောက်မှာ သတိမရတော့ဘူး။ ဒီနေ့မနက်မှာ အောက်ဆီဂျင်ကျပြီးဆုံးတယ်။ မနေ့ကအထိ သူအိမ်ပဲပြန်ချင်နေတယ်။ အိမ်ပဲစိတ်စွဲနေတာပေါ့နော်။"လို့ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ မနက် ၇ နာရီမှာ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြောခွင့်ရသူဖြစ်တဲ့  ဦးဉာဏ်ဝင်းကို ပုဇွန်တောင်နေအိမ်မှာ စစ်တပ်က  ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက် အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ  ၅၀၅ (ခ) နဲ့ တရားစွဲပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာပါ။

ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဆီးချိုရောဂါနဲ့ သွေးဝမ်းသွားရောဂါအခံရှိသူဖြစ်ပြီး အင်းစိန်ထောင်မှာ ကိုဗစ်-၁၉  ကူးစက်ခံရတာကြောင့် ဇူလိုင်လ ၁၁ရက် ညနေပိုင်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး အထူးကြပ်မတ်ဆောင်မှာ တက်ရောက်ဆေးကုသမှု ခံယူနေစဉ် ဒီကနေ့မနက် ၉ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ဖခင် ဦးချင်းဖေနဲ့ မိခင် ဒေါ်ရီတို့မှ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့မှာ မွေးဖွားခဲ့ပါတယ်။

 ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၇၀ မှ ၁၉၇၃ အထိ ဗဟိုတရားရုံးချုပ် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး  ထို့နောက် အစိုးရရှေ့နေအဖြစ် အငြိမ်းစားယူချိန် ၁၉၈၈ ခုနှစ် နိုဝင်ဘာအထိ လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၂၀,၀၃၂ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်  ရွေးကောက်တင်မြှောက်ခံရပါတယ်။

အန်အယ်လ်ဒီ ပါတီရဲ့ ဥပေဒေရေးရာ အကြံပေး၊ ဥပဒေရေးရာ အထောက်အကူပြုတာဝန်တွေ ထမ်းဆောင်ခဲ့သလို  ပါတီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေမှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်ထောင်စုဥပဒေအထောက်အကူ ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အန်အယ်လ်ဒီ ဗဟိုက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားပါတယ်။  

Photo- EPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013