DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးဆေးရုံတွင် ကိုဗစ်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်ရေး အခက်အခဲကြုံ
DVB
·
July 20, 2021
တောင်တွင်းကြီးဆေးရုံတွင် ကိုဗစ်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်ရေး အခက်အခဲကြုံ
Donate to DVB

ကိုဗစ်-၁၉ ကူးစက်ခံရပြီး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံမှာ ဆေး ကုသနေတဲ့ လူနာတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့အပြင် နေထိုင်စားသောက်ရေးပိုင်းမှာလည်း အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဆေးရုံတက်ရောက်ကုသသူတစ်ဦးက “နေရတာဆိုးတယ်။ ပြတင်းပေါက်တွေကိုဗျာ သံချွန်အသေရိုက်ပြီး ပိတ်ထားတယ်။ တံခါးမကြီးကိုလည်း အပြင်ကနေ ဂလန့်ထိုးထားတယ်။ အပြင်လည်းမထွက်ရဘူး။ အခန်းကျဉ်းလေးထဲကို လူနာတွေ စုပြုံထည့်ထားတယ်။ ကျန်းမာရေးက တာဝန်ရှိသူတွေကလည်း လာမကြည့်ကြဘူး။ လေဝင်လေထွက်လည်းမ ကောင်းဘူး။ ဆေးရုံရောက်ထဲရောက်မှ အသက်ရှူကြပ်နေသလိုခံစားရတယ်။ သောက်စရာရေတောင် စီစဉ်မပေးဘူး။ အပြင်ကမှာသောက်ရတယ်။ ချိုးစရာရေလည်းမရှိဘူး။ အိမ်သာတောင် ရေမရှိဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်တွင်းကြီးပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းတွေ လုံလောက်မှုမရှိတာကြောင့် ပြင်ပကနေအလှူခံနေရတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတဦးက “ဆေးရုံမှာ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်း၊ လက်အိတ်တွေ မရှိဘူး။ လူနာတွေကိုပေးဖို့မပြောနဲ့ ဝန်ထမ်းတွေသုံးဖို့တောင်မလောက်ဘူး။ အပြင်က မိတ်ဆွေတွေက အလှူခံပေးနေလို့ PPE တွေရပြီလို့တော့ သိရတယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါရှိမရှိ ဆေးစစ်တဲ့နေရာမှာလည်း ငွေကြေးကောက်ခံမှုတွေရှိနေတယ်လို့  ဆေးစစ်သွားသူတဦးက ပြောပါတယ်။ 

“နယ်ဝေးကပြန်လာလို့ ဆေးသွားစစ်တာ။ အလှူငွေထည့်ခဲ့ပါဦးဆိုလို့ ထည့်ခဲ့ရတယ်။ Test Kit နဲ့စစ်ပေးတာ။ ပိုးတွေ့တော့ ဆေးရုံတက်ရတာတော့လည်း ကုန်တာပေါ့။ အကုန်လုံး ကိုယ့်စာရိတ်နဲ့ကိုယ်ပဲ။” 

ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာတော့ အစားအသောက်အတွက် ပြင်ပအလှူရှင်တွေက လာရောက်လှူဒါန်းပေးနေကြတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

အာဏာဖီဆန်ရေး CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတစ်ဦးက “မြို့နယ်စစ်ကောင်စီက ကိုဗစ်လူနာတစ်ယောက်အတွက် တနေ့ကို ထမင်းဖိုး ၂၅၀၀ ချပေးတယ်။ အခုကျတော့ လူနာတွေအတွက် ထမင်းကို အလှူရှင်တွေက လာလှူပေးနေတော့ စစ်ကောင်စီက အကုန်သက်သာနေတာပေါ့။ အလှူရှင်တွေအနေနဲ့လည်း စစ်ကောင်စီကို ကုန်ကျစရိတ်နည်း အောင်တော့ ကျားမကန်သင့်ဘူး။ သူတို့က ပြည်သူ့အတွက် ကြည့်တာမဟုတ်ဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ကိုဗစ်လူနာတွေကို တောင်တွင်းကြီးပြည်သူ့ဆေးရုံနဲ့ ပရပ်ကြယ်တိုက်နယ်ဆေးရုံတွေမှာထားရှိရာက တနေ့တခြား လူနာဦးရေများပြားလာတဲ့ အတွက် စစ်ကောင်စီက ကိုဗစ်လူနာထားဖို့ နေရာအသစ်တခုပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “မြို့နယ်စစ်ကောင်စီက ထပ်တိုးလာတဲ့ ကိုဗစ်လူနာတွေကို မြို့နယ်ခန်းမထဲမှာထားမယ်လိုလို၊ တစညပါတီရုံးမှာ ထားမယ်လိုလို လုပ်နေကြတယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲက ငွေကြေးတတ်နိုင်သူတွေဟာ ရတနာပုံ ဟိုတယ်မှာ ၁၁ ရက် သွားရောက်ငှါးရမ်းနေထိုင်နေကြတယ်လို့ သိရပါတယ်။

ဟိုတယ်နဲ့ နီးစပ်သူတစ်ဦးက ''တရက်ကို ၂၅၀၀၀ နဲ့ ၁၁ ရက်နေကြတယ်။ ရောဂါပိုးကတော့ ကူးချင်တိုင်းကူးကုန်တော့မှာပဲ။ အဲ့ဒီဟိုတယ်နဲ့ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်နေကြတယ်။ အရပ်ကလည်းမပြောရဲဘူး” လို့ ပြောပါတယ်။

မြို့နယ်စစ်ကောင်စီကတော့ တောင်တွင်းကြီးမြို့မှာ ဇွန် ၂၂ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၀၁ ဦးရှိပြီး ဆေးရုံဆင်းသူ ၁၀၀ နီးပါးနဲ့ သေဆုံးသူ ၅ ဦးရှိကြောင်း ထုတ်ပြန်ထားပေမယ့် အဲ့ဒိအရေအတွက်တွေထက် များပြားနိုင်တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013