DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးတွင် ကိုဗစ်လူနာများထံမှ ငွေကြေးတောင်းခံမှုများရှိနေဟု လူနာရှင်များပြော
DVB
·
July 19, 2021
ရန်ကုန်ဆေးရုံကြီးတွင် ကိုဗစ်လူနာများထံမှ ငွေကြေးတောင်းခံမှုများရှိနေဟု လူနာရှင်များပြော
Donate to DVB

ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူချင်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဆေးရုံဝန်ထမ်းတွေက ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ ဆေးရုံတက်ခဲ့သူတစ်ယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။ 

ဇူလိုင် ၁၀ ရက်နေ့နောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့သေဆုံးနှုန်းမြင့်တက်လာပြီး ရန်ကုန်မြို့က ဆေးရုံတွေမှာ လူနာတွေပြည့်နေခဲ့တာပါ။ 

အရေးပေါ်လူနာတွေကို လက်ခံကုသပေးမယ့်နေရာမရှိတဲ့အတွက် ပိုးကူးစက်ခံရတဲ့ ပြည်သူတွေနဲ့ မိသားစုတွေဟာ အခက်အခဲကြုံနေကြရပါတယ်။ 

ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံယူချင်တဲ့ လူနာတွေဟာ ဆေးရုံဝန်ထမ်းတွေကို ငွေကျပ်သိန်းနဲ့ချီပေးပြီး ခုတင်နေရာ ဝယ်ရတာမျိုးရှိနေတယ်လို့ ဆေးရုံတက်ခဲ့သူတစ်ယောက်ရဲ့မိသားစုဝင်က ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်နဲ့ မကင်းရာမကင်းကြောင်းလူတွေ၊ ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေနဲ့ နီးစပ်သူတွေပဲ ဆေးရုံအလွယ်တကူ တက်ခွင့်ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့သူရဲ့ မိသားစုဝင်တဦးက "လမ်းကြောင်းတွေရှိတာက ၉၀ ရာခိုင်နှုန်းဗျ။ ဆေးရုံအောက်ခြေဝန်ထမ်းတွေအကြောင်းက သိတဲ့အတိုင်းပဲဗျ။ ဆရာဝန် ဆရာမတွေကလွဲပြီးတော့ အောက်ခြေဝန်ထမ်းတွေက ပိုက်ဆံပဲ ကြည့်တာလေ။ အခုရန်ကုန်ဆေးရုံကြီးမှာ သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ တက်ရတာများတယ်ဗျ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပေါ့။ ဘာလို့လဲဆို သူတို့အသိတို့၊ လက်ထောက်ဆရာဝန်အသိတို့ ဖုန်းဆက်ရင် ချက်ချင်း ဆေးရုံတန်းတက်လို့ ရတယ်။ ဒီ့အပြင်လူဆို လက်မခံချင်ဘူး" လို့ ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဆီမှာ ဝန်ထမ်းတွေက ငွေကြေးတောင်းခံတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ရန်ကုန်ဆေးရုံကြီးမှာ လူနာ သုံးရာကျော်တက်ရောက်ကုသနေပြီး ကုတင်အားလုံးအပြည့်ဖြစ်နေကော ဆရာဝန်နဲ့ဝန်ထမ်း အလုံအလောက်မရှိသလို အောက်ဆီဂျင်လည်း အလုံအလောက်မရဘူးလို့ တက်ရောက်နေသူတွေက ပြောပါတယ်။ 

လူနာတွေကိုအကူအညီပေးနေတဲ့ ပရဟိတသမားတစ်ယောက်ကတော့ ရန်ကုန်က ဆေးရုံတွေမှာ ကုတင်နေရာအတွက် ငွေကြေးပေးရတာ အမှန်ဖြစ်တယ်လို့ ပြောပါတယ်။

“အဲဒါတော့ပေးရတယ်။ အဲ့ဒါတော့ သူတို့အကပ်တွေနဲ့ သူတို့နဲ့ပတ်သက်တဲ့သူတွေ ဘာညာဆိုရင် စစ်ဆေးရုံတွေဘာတွေတက်ရတယ်။ ပိုက်ဆံပေးရတယ်လို့ပဲကြားတယ်။"

ဇူလိုင် ၁၇ ရက်နေ့ညပိုင်းတုန်းက မြောက်ဉက္ကလာဆေးရုံမှာ လူနာလာပို့တဲ့ ပရဟိတကားတွေကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ချိန်ပြီး နောက်ကြောင်းပြန်လှည့်ခိုင်းတာမျိုးဖြစ်ပွားခဲ့ပါတယ်။ 

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်မှာအကူအညီပေးနေတဲ့ ဆရာဝန်တစ်ယောက်က ဆေးရုံတချို့က အမှန်တကယ် နေရာမရှိလို့ လူနာလက်မခံတာဖြစ်ပေမယ့် တချို့ဆေးရုံတွေကတော့ အမိန့်အာဏာကြောင့် လက်မခံတာလို့ ဝေဖန်ပါတယ်။

“ကျနော့်လက်ပေါ်မှာပဲ မြောက်ဥက္ကလာဆေးရုံကိုသွားရင်း လူနာတစ်ယောက် သေဆုံးသွားတာမျိုး ဒါမျိုးအခက်အခဲတွေက ရှိနေပါတယ်။ လူနာရှင်တချို့က စကားပြောရင့်သီးတာတွေရှိသလို တစ်ဖက်ကလည်း ပြေရာပြေကြောင်း မပြောတဲ့အပြင် လက်နက်ကြီး တကားကားနဲ့ဆိုတဲ့ အခြေအနေတွေ ရှိတာပေါ့။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ အခုအခြေအနေကြီးက သိတဲ့အတိုင်းပဲလေ။ လှည့်ပတ်စီးဆင်းမှုယန္တရားကြီးက ရပ်တန့်သွားပြီးမှ ပြန်လည်ခုတ်မောင်းတဲ့အခါ ပြဿနာတွေက ရှိမှာပါ။ တော်တော်များများ ဆရာဝန်တွေကလည်း အခုကာလကြီးကို သဘောမကျတာဖြစ်တဲ့အတွက် ဆေးရုံမှာ မရှိကြတာပေါ့။”

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး တစ်ယောက်ကတော့ ဆေးရုံတက်ဖို့ လိုအပ်တဲ့လူနာတွေကို ဆေးရုံလွှဲပေးဖို့ပဲ တတ်နိုင်ပြီး ကျန်တဲ့အပိုင်းတွေကိုတော့ ဆေးရုံကိုမေးမှ သိနိုင်မယ်လို့ ဆိုပါတယ်။ 

မြို့နယ်တာဝန်ကျဆရာဝန်တွေဟာ ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်းတွေမှာလည်း တာဝန်ယူကူညီခဲ့သူတွေဖြစ်ပြီး ဒီအခြေအနေမှာ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဇွန်လ ဒုတိယအပတ်ကစပြီး ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေပြီလို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနက ဆိုခဲ့ပေမယ့် ထိရောက်တဲ့ကာကွယ်ကုသရေး ကြိုတင်လုပ်ဆောင်တာ မရှိခဲ့တဲ့အတွက် မလိုလားအပ်ဘဲ သေဆုံးသူအရေအတွက် များပြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013