DVB Logo
Home
မြန်မာသတင်း
ရန်ကုန် သုသာန်များ၌ နိဗ္ဗာန်ယာဉ် တစ်စီးဝင်တစ်စီးထွက်စနစ်ဖြင့် မီးသင်္ဂြိုဟ်ခွင့်ပေးသဖြင့် ယာဉ်ကြောပိတ်
DVB
·
July 18, 2021
ရန်ကုန် သုသာန်များ၌ နိဗ္ဗာန်ယာဉ် တစ်စီးဝင်တစ်စီးထွက်စနစ်ဖြင့် မီးသင်္ဂြိုဟ်ခွင့်ပေးသဖြင့် ယာဉ်ကြောပိတ်
Donate to DVB

ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေ ပိုများလာပြီး  သုသာန်တွေမှာ ရုပ်အလောင်း တင်ကားတွေကို တစ်စီးဝင် တစ်စီးထွက်စနစ်နဲ့ပဲ မီးသင်္ဂြိုဟ်ခွင့်ပေးတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဇူလိုင် ၁၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး သုသာန်တွေမှာလည်း  ရုပ်အလောင်းတင်ထားတဲ့ နိဗ္ဗာန်ယာဉ်တွေ၊  ပရဟိတကားတွေနဲ့ ပြည့်နှက်နေပါတယ်။

ဆေးရုံဆေးခန်းတွေမှာ ကွယ်လွန်တဲ့သူတွေကိုတော့ သုသာန် အအေးခန်းမှာထားခွင့်ပေးထားပြီး ရပ်ကွက်တွေထဲက နေအိမ်မှာ ကွယ်လွန်ရင်တော့ နေ့ခြင်းပြီး သင်္ဂြိုဟ်ကြရပါတယ်။ ရန်ကုန်မြို့ ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင်း သုသာန် ၄ ခုမှာ  ဇူလိုင် ၁၂ရက်နေ့ကစပြီး တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် ၇၀၀နီးပါး မီးသင်္ဂြိုဟ်ရတာဖြစ်ပါတယ်။ 

ပရဟိတသမားတစ်ဦးက "နိဗ္ဗာန်ယာဉ်တွေက တစီးပြီးမှတစီးဝင်ရတယ်။ သေဆုံးနှုန်းကတော့ မလျော့သေးဘူး ဒီအတိုင်းပဲ။ ယာဉ်တွေနဲ့ ရုပ်အလောင်းတွေနဲ့ နံပတ်တပ်ထားတယ်။ ကျော်ပြီးသွားလို့မရဘူး။ ဘယ်တတ်နိုင်မလဲ လည်စင်းပြီးခံရုံပေါ့"လို့ ပြောပါတယ်။ 

မြေပြင်မှာအကူအညီပေးနေတဲ့ ပရဟိတဆရာဝန်တွေကတော့ ဇူလိုင် ၁၈ ရက်နေ့မှာ သေဆုံးလူနာပိုများလာတဲ့အတွက် ကုသရေးကားတွေကို နာရေးကားတွေအဖြစ် အသွင်ပြောင်းနေရတယ်လို့ဆိုပါတယ်။

ဒီလိုအခြေအနေတွေဖြစ်လာရတာဟာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရောဂါကာကွယ် ရေးလုပ်ရမယ့်အချိန်မှာ  မလုပ်ခဲ့တာကြောင့်ဖြစ်ပြီး လက်ရှိမှာတော့ အချိန်နှောင်းသွားပြီလို့  ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ 

ပရဟိတဆရာဝန်တစ်ဉီးက "မနေ့က ၆ လောင်း ပဲသယ်ရသေးတယ်။ ဒီနေ့များလာတယ်။ အချိန်မမီတာတွေ၊  ကုသမှုခံယူမှု အားနည်းတာတွေ၊ ဘက်ပေါင်းစုံလာတဲ့အခါ ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့သဘောပါ။ ကျနော်တို့မှာ ဝမ်းနည်းရုံမှတပါး ဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆို အချိန်နောက်ကျခဲ့တာကိုး"လို့ ပြောပါတယ်။

ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်ပြီး ပြည်သူတွေအခက်အခဲကြုံနေရတာ သေဆုံးနှုန်းမြင့်တက်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဉီးစီးမှူး တစ်ယောက်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဆရာဝန်တွေက တတ်နိုင်သလောက် ကြိုးစားပေးနေပြီး သေဆုံးလူနာတွေအတွက် အပြစ်ကင်းတယ်လို့ မပြောချင်ဘူးလို့ ဆိုပါတယ်။ 

မြို့နယ်ကျန်းမာရေးဉီးစီးမှူး ဆရာဝန်တစ်ဉီး "ဒီအချိန်အခါမှာတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ လူ့ အသက်တွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်လုပ်စရာရှိတာကိုတော့ လုပ်ရတယ်။ ကိုယ်အတတ်နိုင်ဆုံးတော့လုပ်ပေးနေတယ်။ ဒါပေမဲ့ ငါလည်းပဲ အပြစ်ကင်းတဲ့သူ တစ်ယောက်တော့ မဟုတ်ဘူးပေါ့ "လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက်၊ သေဆုံးသူ  ၂၃၃  ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၂၄,၂၃၆  ယောက်ထိရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ နေ့စဉ်ကိုဗစ်ကူးစက်ခံရတဲ့နှုန်းနဲ့ သေဆုံးနှုန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်း ပိုများနေတယ်လို့ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။

ကိုဗစ်ကြောင့် သေဆုံးနှုန်းလျော့ကျလာအောင် စစ်ကောင်စီက စနစ်တကျဖြေရှင်းပေးတာမျိုး မရှိသေးတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာပြည်ကိုလာရောက် အကူအညီပေးဖို့ ပရဟိတသမားတွေက မျှော်လင့်နေကြပါတယ်။

PHOTO- ဘိုစိန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013