
တရုတ်နိုင်ငံမှာ သူလျှိုမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရထားရတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို အမေရိကန်အစိုးရက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီး ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက တိုက်တွန်းလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာ ဒါမှမဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဩဂုတ် ၂၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကဦးစားပေးကိစ္စရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၂ ရက်မှာ ပြောကြားထားပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကတော့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို ဦးမင်းဇင်ကို မတရားဖမ်းဆီးခံထားရသူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ခဲ့တဲ့အပေါ် ISP-Myanmar က ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။
ဦးမင်းဇင် ပြန်လည်လွတ်မြောက်ရေးဟာ အမေရိကန်အစိုးရအတွက် အဓိကဦးစားပေး လုပ်ငန်းတရပ် ဖြစ်ကြောင်း အဆိုပါသတ်မှတ်ချက်ကနေ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပေးပို့လိုက်တာလို့လည်း ထုတ်ပြန်ပြောပါတယ်။
အထူးသဖြင့် လာမဲ့ စက်တင်ဘာလအတွင်း အမေရိကန်မှာ ပြုလုပ်မဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုမတိုင်ခင် ဦးစားပေး လုပ်ဆောင်ပေးစေလိုကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုကြောင်းနဲ့ မကြာမီအချိန်အတွင်း ဦးမင်းဇင်ဟာ သူ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ISP-Myanmar က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဦးမင်းဇင်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ သံသယရှိတာကြောင့် တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ရာရောက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်း က ပြောပါတယ်။











