DVB Logo
Home
Lead Story
ကျောင်းလခပေးရန် စွန့်ပစ်ပစ္စည်းများ အသုံးပြုနေသည့် အင်ဒိုနီးရှားကျောင်း
DVB
·
December 3, 2013
ကျောင်းလခပေးရန် စွန့်ပစ်ပစ္စည်းများ အသုံးပြုနေသည့် အင်ဒိုနီးရှားကျောင်း
Donate to DVB

အသက် ၅ နှစ်အရွယ် အီဖရန်က အိမ်မှာ ပြန်ပြီး အသုံးပြုလို့ရတဲ့ အမှိုက်တွေကို ရွေးရင်း အလုပ်ရှုပ်နေတဲ့ သူအမေ ယူလီရာနာနားမှာ ကစားနေပါတယ်။

[caption id="attachment_47557" align="alignleft" width="300"] အင်ဒိုနီးရှားရှိ မူလတန်းကျောင်းတကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေစဉ်
အင်ဒိုနီးရှားရှိ မူလတန်းကျောင်းတကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေစဉ်[/caption]

အိမ်ရှင်မ ယူလီရာနာက သူကလေးရဲ့ ကျောင်းလခတွေ ပေးဖို့ စွန့်ပစ်ပစ္စည်းတွေကို သုံးတယ်လို့ ပြောပါတယ်။

“ကျမက အဲဒါတွေကို စုဆောင်းရုံပါပဲ။ နို့ကတ်တွေ ဒါမှမဟုတ် ဒီလို ပလစ်စတစ်ဘူးတွေ ပေါ့ရှင်။ ကျောင်းလခ ပေးရမယ့် အချိန်ရောက်ရင် ကျမက အဲဒါတွေကို ကျောင်းကို ယူသွားမှာပါ။”

အီဖရန်က အခု အနောက်ဂျာဗား ဒီပေါ့ခ်က ပုဂ္ဂလိက မူကြိုကျောင်းတခုမှာ ပညာ သင်ယူနေပါတယ်။ မနှစ်က ဆင်းရဲသားမိသားစုတွေဟာ ပြန်သုံးနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး ကျောင်းလခ ပေးနိုင်တယ်လို့ ကျောင်းက ကြေညာလိုက်တဲ့ အချိန်မှာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်လို့ ယူလီရာနာက ပြောပါတယ်။

အီဖရန်ရဲ့အဖေက အစိုးရကျောင်းတကျောင်းမှာ ယာယီ လုပ်သားတယောက် လုပ်နေပြီး သူကတော့ လူတွေရဲ့ အ၀တ်အစားတွေကို လျှော်ပြီး ၀င်ငွေ ရှာနေရတယ်လို့ ယူလီရာနာက ပြောပါတယ်။

“ကျမ ယောက်ျားက လတိုင်း လစာ မရပါဘူး။ တခါတရံ ၃ လ ၁ ခါ လောက်ပဲ ရပါတယ်။ တကယ်လို့ ကျမက အဲဒီလောက် ကြာအောင် စောင့်ခဲ့ရပြီဆိုရင် ကျမတို့ ဒုက္ခရောက် ရတာပေါ့ရှင်။”

ကျောင်း စဖွင့်တဲ့နေ့မှာ ကလေး ၄၀ လောက်က သူတို့ရဲ့ သင်ခန်းစာတွေကို သင်ဖို့ အဆင်သင့်စောင့်နေပါတယ်။

ဒီနေ့တော့ ကျောင်းသားတွေက သူတို့ရဲ့ မိဘတွေက စုဆောင်းထားတဲ့ ပလစ်စတစ် ဘူးတွေနဲ့ အဖုံးတွေကို သုံးပြီး စာသင်ကြားနေကြပါပြီလို့ ဆရာကီကီက ပြောပါတယ်။

“ကျမတို့က အဖုံးတွေကို ကစားနည်းတခုကို ဖန်တီးပေးဖို့ အသုံးချပါတယ်။ အက္ခရာ စာလုံးတွေနဲ့ နံပါတ်တွေကို ဖန်တီးဖို့ ပန်းတွေ၊ ကားတွေကို ဖန်တီးဖို့ အဖုံးတွေနဲ့ ကစားကွင်းကို သုံးနိုင်ပါတယ်။”

ကျောင်းဆင်းလို့ ကလေးတွေ အိမ်ပြန်သွားကြပေမယ့် ဆရာတွေ အတွက်ကတော့ နောက်လုပ်ငန်းတွေက စောင့်နေပါတယ်။ ဒီနေ့ ပြန်သုံးလို့ ရတဲ့ စွန့်ပစ်ပစ္စည်းတွေ အားလုံးကို အမှိုက် စုဆောင်းသူတွေ ပြန်သုံးစွဲဖို့ မလုပ်ခင် ရွေးချယ်သန့်ရှင်းဖို့ဖြစ်ပါတယ်။

ဆင်းရဲတဲ့ မိသားစုတွေ ကျောင်းလခအဖြစ် ပြန်လည်သုံးစွဲနိုင်ဖို့ အိမ်တွေက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့အတွေးကို ကျောင်းပိုင်ရှင် မာမူဒါ ကာရာဝတီက ရခဲ့တာ ဖြစ်ပါတယ်။

ကျောင်းပိုင်ရှင် မာမူဒါ ကာရာဝတီက ကလေးတွေရဲ့ အစောပိုင်း ပညာရေးကို လူတိုင်း တတ်နိုင်စေချင်တယ်လို့ ပြောပါတယ်။

“ကျမတို့က ကလေးတွေ ကျောင်းသွားဖို့ နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ဒီလိုမှပဲ ဆင်းရဲတဲ့ မိသားစုတွေက ကလေးတွေဟာ  များလှတဲ့ ကျောင်းလခတွေ ပေးစရာမလိုဘဲ တခြားကလေးတွေလို ပညာရနိုင်မှာပေါ့ရှင်။ ကျမတို့ဆီမှာ တခြား စွန့်ပစ်ပစ္စည်းတွေနဲ့ ယှဉ်ရင် တန်ဖိုးရှိတဲ့ ပြန်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို လူတိုင်းက စွန့်ထုတ်နေတာပဲရှင်။ ဇီဝ စွန့်ပစ်ပစ္စည်း ဟာလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် ကျမတို့က အဲဒါတွေကို ပြုပြင်ပေးရပါမယ်။ ဒီတော့ ဒီကျောင်းမှာ လူတိုင်းက ပြန်အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုနိုင်သလောက် ပေးနိုင်ကြပါတယ်။”

မိဘတွေဆီက ပြန်အသုံးပြုလို့ရတဲ့ စွန့်ပစ်ပစ္စည်း ၄ ကီလိုဂရမ်အထိ နေ့တိုင်း လက်ခံ ရရှိပါတယ်လို့ ကျောင်းဆရာ အနီက ပြောပါတယ်။

“သက်မဲ့ ဇီဝစွန့်ပစ်ပစ္စည်းတွေကို စုဆောင်းရတာက လွယ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းက နေတိုင်း စွန့်ပစ်နေကြတာပဲလေ။ နောက် ကျမတို့က တခြား ကျောင်းသားတွေကိုလည်း သူတို့ ပေးနိုင်သလောက် ပေးဖို့ ပြောထားပါတယ်။ နောက် ကျမတို့က အမှိုက်တွေကို ရောင်းချလို့ ရတဲ့ငွေနဲ့ ကျောင်းရဲ့ ကျန်တာတွေကိုလည်း ကူညီ ထောက်ပံ့ပေးပါတယ်။”

ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ ကျောင်းပိုင်ရှင် မာမူဒါရဲ့ ယောက်ျား အီရီယန်းတိုက “ကျောင်းဆိုတာက အရမ်းကြီး အကုန်အကျ များဖို့ မလိုဘူးလေ။ ပိုပြီးအရေးကြီးတာက ပညာရေးရဲ့အရည်အသွေးပါဗျာ။ ကျောင်းတကျောင်းရဲ့ အရည်အသွေးကို ကျောင်းလခက အဆုံးအဖြတ်ပေးတာ မဟုတ်ဘူးလေ။ ဆရာတွေနဲ့ ဖန်တီး တည်ဆောက်မှုပေါ်မှာပဲ မူတည်တာပါ” လို့ ပြောပါတယ်။

မာမူဒါကတော့ တခြားကျောင်းတွေကလည်း အဲဒီလိုမျိုး လုပ်လာဖို့ စိတ်ကူးရလာမယ်လို့ မျှော်လင့်နေပါတယ်။

အင်ဒရာနာစူရှင်းက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013