DVB Logo
Home
မြန်မာသတင်း
မိကျောင်းကန်ပြည်သူများ သရဏဂုံတင် ဆန္ဒပြ
DVB
·
December 3, 2013
မိကျောင်းကန်ပြည်သူများ သရဏဂုံတင် ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ် မိကျောင်းကန်က မြေသိမ်းခံမိသားစုဝင် ၄၀၀ လောက်ဟာ ဒီဇင်ဘာလ ၂ ရက်ကစလို့   သူတို့ကိုယ်သူတို့ သရဏဂုံတင်ပြီး အသေခံ ဆန္ဒပြ နေကြပါတယ်။

[caption id="attachment_47554" align="alignleft" width="300"]ပြီးခဲ့တဲ့ နိုဝင်ဘာလက  မြို့တော်ခန်းမရှေ့မှာ မိကျောင်းကန်က မြေသိမ်းခံမိသားစုဝင်များ ဆန္ဒပြနေစဉ် ပြီးခဲ့တဲ့ နိုဝင်ဘာလက မြို့တော်ခန်းမရှေ့မှာ မိကျောင်းကန်က မြေသိမ်းခံမိသားစုဝင်များ ဆန္ဒပြနေစဉ်[/caption]

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ နေ  လယ်သိမ်းခံပြည်သူတွေဟာ သူတို့မြေတွေပြန်ပေးဖို့ နိုဝင်ဘာ ၂၆ ရက်ကစပြီး သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ရာမှာ  တပတ်ပြည့်တဲ့အချိန်ထိ သက်ဆိုင်ရာက ဖြေရှင်းပေးခြင်း မရှိတာကြောင့် အခုလို သရဏဂုံတင် အသေခံဆန္ဒပြခဲ့ကြတာလို့ သပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုဇော်ထွန်းက ပြောပါတယ်။

“၂၆ ရက်နေ့က သပိတ်စခန်းကို စဖွင့်တယ်။ မနေ့က ၇ ရက်မြောက်တယ်။ ကျနော်တို့ ကိုယ်ကျနော်တို့ အသေခံပြီး သရဏဂုံ ၃ ပါး မနေ့က စောင့်တည်တယ်။ ဒီမြေမရမချင်း အသေခံ မယ်ဆိုတဲ့စိတ် မွေးပြီး ပြည်သူလူထု ၄၀၀ နဲ့ ၇ ရက်မြောက်တဲ့နေ့မှာ သရဏဂုံ ၃ ပါးကို စောင့်တည်တာပါ။ ရွှေဝါရောင် ဆရာတော် ၁၁ ပါးရယ်။ သင်ကန်းကျွန်းမြို့နယ်က ဆရာတော်များနဲ့ဆိုရင် ဆရာတော် ၂၁ ပါး ပါခင်ဗျ။”

အသိမ်းခံရတဲ့မြေတွေပြန်ပေးဖို့၊ မြေတွေပြန်ပေးဖို့တောင်းဆိုရင်း အဖမ်းခံထားရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေအပါအ၀င်  တောင်းဆိုချက် ၇ ချက် တောင်းဆိုထားတယ်။ အဲ့ဒီ တောင်းဆိုချက်တွေ မရမချင်း သပိတ်စခန်းဖွင့် ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက်မှာ ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း လာရောက်ပြီး သပိတ်စခန်းကော်မတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မြေပြန်ပေးဖို့ မပြောဘဲ သပိတ်စခန်း ပိတ်သိမ်းဖို့ပဲ လာပြောတာလို့ ဆိုပါတယ်။

မိကျောင်းကန်ပြည်သူတွေဟာ  အရင်ကလည်း အသိမ်းခံလယ်မြေတွေပြန်ပေးဖို့ ၇ ကြိမ်ဆန္ဒပြခဲ့ပြီး ၂ ကြိမ်တိုင် သပိတ်ခန်းဖွင့် တောင်းဆိုခဲ့ကြဖူးပါတယ်။

ပြီးခဲ့တဲ့လထဲ ရန်ကုန်မြို့တ်ာခန်းမအနီး သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ ရန်ကုန်တိုင်း၊ လယ်မြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်တို့ ၀င်ရောက်စေ့စပ်ညှိနှိုင်းပေးခဲ့ကြပါတယ်။

အသိမ်းခံထားရတဲ့ လယ်မြေတွေ ပြန်ရဖို့ လွှတ်တော်ထဲက ဖြေရှင်းပေးမယ်ဆိုတာကြောင့် သပိတ်စခန်းပိတ်သိမ်းခဲ့ကြပေမယ့် အခုအချိန်ထိ လယ်မြေတွေ ပြန်မရသေးတာကြောင့် အခုထပ်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်သိန်းလင်းကို မေးကြည့်တော့ လွှတ်တော်ပိုင်းက လုပ်စရာ လုပ်ပေးခဲ့ပြီးပြီ၊ အစိုးရက ဖြေရှင်းပေးဖို့ပဲ ကျန်တယ်လို့ ပြောပါတယ်။

“လွှတ်တော်ပိုင်းမှာ လုပ်စရာရှိတာ လုပ်ပေးခဲ့တယ်ဆိုတာက လွှတ်တော်ထဲမှာ မေးခွန်းမေးတယ်။ ကျနော်တို့ အစီရင်ခံစာထဲမှာ မေးခွန်းမေးတယ်။ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ကျနော်တို့ လုပ်နိုင်တာက အဲဒီဘောင်ထဲကပဲ လုပ်လို့ရတယ်။ အစိုးရလည်း သိနေတာပဲ။ အခုဖွဲ့ထားတဲ့ မြေယာ စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ သူတို့ ရှင်းမယ်လို့ထင်တယ်။ အဲဒီတော့ အစိုးရက ဖြေရှင်းဖို့ပဲ ကျန်တော့တယ်။ အစိုးရမသိတာလည်း မဟုတ်ဘူး။ သူတို့လည်း သိတာပဲ။”

မိကျောင်းကန်သပိတ်စခန်းမှာ သရဏဂုံတင် ဆန္ဒပြတောင်းဆိုနေတဲ့ ဒေါ်ခင်လေးနိုင် ကတာ့ နေစရာ အိမ် မရှိလို့  မြေပြရရေး အသေခံ  တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“သရဏဂုံလည်း တင်ရတယ်။ အဘွားတို့ မနေ့က သရဏဂုံ တင်ပြီးပြီ။ ဒီမှာလည်း သေရရင် သေရပါစေတော့။ ဒီမှာသေရင် ကောင်းကောင်းမွန်မွန်တော့ အဘွားတို့ကို သင်္ဂြိုလ်ပေး မှာပဲ။ အဘွားတို့မှာ အိမ်မရှိဘူး။ ညီအစ်ကို မောင်နှမ ဆွေမျိုးတွေကလည်း တသက်လုံး ဘယ်ထားနိုင်မလဲ သားရယ်။ အဘွားအသက် ၇၆ နှစ်ရှိပါပြီ။”

ဆန္ဒပြသမားတွေဟာဒီနေရာမှာ တော်လှန်ရေးကောင်စီလက်ထက်ကတည်းက နေထိုင်လာခဲ့ကြတာလို့လည်း ပြောပါတယ်။  မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ က မြေတွေကို တပ်မတော် အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013