DVB Logo
Home
Lead Story
သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး မပျက်နိုင်ဟု ဦးရဲထွဋ်ပြော
DVB
·
December 3, 2013
သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး မပျက်နိုင်ဟု ဦးရဲထွဋ်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌက သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတာကို အစိုးရဘက်က အချိန်မတိုင်သေးဘူးလို့ တုံ့ပြန်လိုက်တဲ့အတွက် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေး မပျက်သွားနိုင်ပါဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတအစိုးရအဖွဲ့ကို ဘယ်သူက ထိန်းချုပ်ထားလဲမေးရင်  ဖွဲ့စည်းပုံအခြေခံဥပဒေကပဲ ထိန်းချုပ်ထားတာ ဖြစ်ပြီး ဘယ်သူကမှ ထိန်းချုပ်ထားတာ မရှိဘူးလို့လဲ သူက ပြောပါတယ်။

သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။

အန်အယ်လ်ဒီက မနေ့က ကြေညာချက်ထုတ်တယ်။ သမ္မတဘက်က ပြန်ကြားချက်ဟာ အချိန်ဆိုင်းအောင်လုပ်တယ်၊ ပြုပြင်ပြောင်းလဲမှုကို မလိုလားဘူး၊ အဲဒီအပေါ်မှာ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။

[caption id="attachment_35152" align="alignleft" width="300"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption]

“ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးကို အချိန်ဆိုင်းတာ မဟုတ်ပါဘူး။ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းခံတိုင်း ပုဂ္ဂိုလ်ရေးအရ နှစ်ဦးချင်းတွေ့ပြီး အမြင်ချင်းဖလှယ်တာတွေ ကျနော်တို့ လုပ်ပါတယ်။ ဒီကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေ ပါဝင်ပြီးတွေ့ရမယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ဟာမျိုးတွေ ပါတဲ့အတွက် ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆိုင်တယ်။ နောက် ပြည်ထောင်စုလွှတ်တော်က လုပ်နေတဲ့ ကိစ္စဖြစ်တယ်။ လွှတ်တော်အတွင်းနဲ့ လွှတ်တော်ပြင်ပက ပါတီတွေ၊ အဖွဲ့အစည်းတွေရဲ့ အသံကိုပါ နားစွင့်ပြီး လုပ်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဒါကို စဉ်းစားဆောင်ရွက်သင့်တယ်လို့ ပြောတာပါ။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြင်ဆင်ခြင်း၊ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းကတော့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ မဆိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စတွေ အားလုံးက ပြည်ထောင်စုလွှတ်တော်ကပဲလုပ်တော့ မြန်ခြင်းနှေးခြင်းက သူတို့နဲ့ပဲ ဆိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကို လိုလားတယ်၊ မလိုလားဘူးဆိုတာက ကျနော်တို့ အထူးပြောစရာ မလိုပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်းမှာ ကျနော်တို့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင်း ကျနော်တို့ဟာ အသွင်ကူးပြောင်းရေးကို လိုလားပြီးတော့ စေတနာမှန်မှန်နဲ့ လုပ်နေတယ်ဆိုတာ ကျနော်တို့ လုပ်ရပ်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။”

သမ္မတက စောသေးတယ်လို့ ပြောလိုက်တာက နှစ်ဖက်ဆက်ဆံရေး ပျက်ပြားသွားနိုင်မလား။

“ကျနော်တို့ဘက်က ဒီလိုမျိုး ဆက်ဆံရေး ပျက်ပြားမယ်လို့ မထင်ပါဘူး။ ကျနော်တို့က စေတနာ မှန်မှန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းလမ်းကို ကျနော်တို့က ပြန်ဆွေးနွေးတာပဲ။ တဖက်က သဘောထားတော့ ကျနော်တို့ မသိပါဘူး။”

ဝေဖန်ချက်တခုက သမ္မတမှာ လုပ်ပိုင်ခွင့် အာဏာ အပြည့်အ၀မရှိဘူး။ ဒါကြောင့် လွှတ်တော်ကို အကြောင်းပြပြီး အချိန်ဆွဲတယ်ဆိုပြီး ဝေဖန်ချက် ရှိပါတယ်။ အဲဒီအပေါ် ဘယ်လိုများ ပြန်သုံးသပ်ချင်ပါသလဲ။

“မဆိုင်ပါဘူး။ တောက်လျှောက်ပဲ နိုင်ငံတော် သမ္မတကြီးက အမြဲတမ်း ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ပြောပါတယ်။ ကျနော်တို့ဆန္ဒအရ ပြောလို့ မရဘူး။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စနဲ့ ပတ်သက်ရင် လုပ်ခွင့်ရှိတာက လွှတ်တော်ပဲ ဖြစ်ပါတယ်။ နောက် မေလထဲမှာထင်တယ်။ မီဒီယာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ တွေ့တဲ့အချိန်က နိုင်ငံတော် သမ္မတကြီးက တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဖြည်းဖြည်းချင်း လျှော့ချသွားသင့်တယ်ဆိုတဲ့ ပြည်ပခရီးစဉ်တခုမှာ သမ္မတကြီးက ပြောပါတယ်။ အဲဒီပြောတဲ့အချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတွေကို ပြောတဲ့အခါမှာ ဒါဟာ သမ္မတ ဦးသိန်းစိန်အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပြောခွင့်မရှိဘူး။ ဒါဟာ လွှတ်တော်က ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်။ လွှတ်တော်ကပဲ ဆောင်ရွက်သင့်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ လွှတ်တော်ကို ရည်ညွှန်းပြီး ပြောဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောဆိုခြင်းဖြစ်တယ်။ ကျနော်တို့ကို ထိန်းချုပ်ထားတာ ဘာရှိလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကပဲ ထိန်းချုပ်ထားတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘယ်သူကမှ ကျန်တဲ့နည်းလမ်းနဲ့ အစိုးရအဖွဲ့ကို သော်လည်းကောင်း၊ သမ္မတကြီးကို သော်လည်းကောင်း ထိန်းချုပ်ထားတာ မရှိပါဘူး။”

သမ္မတရုံးအနေနဲ့ အန်အယ်လ်ဒီရဲ့ ကြေညာချက်တို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်တို့နဲ့ ပတ်သက်ပြီး တရားဝင် စာပြန်ပို့ဖို့ ရှိပါသလား။

“အဲဒါတော့ ကျနော် လောလောဆယ် မသိသေးပါဘူး။ သမ္မတရုံးက လုပ်မှာပါ။ ကျနော်က သမ္မတပြောရေးဆိုခွင့်ရှိသူအနေနဲ့ သဘောထားကို ထုတ်ပြန်ပြောဆိုတာပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013