DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လူသုံးများသည့် ဆေးဝါးအချို့ပြတ်လပ်၊ ဆေးဆိုင်များ၌ ပြည်သူများတန်းစီ ဝယ်ယူနေရ
DVB
·
July 15, 2021
ရန်ကုန်တွင် လူသုံးများသည့် ဆေးဝါးအချို့ပြတ်လပ်၊ ဆေးဆိုင်များ၌ ပြည်သူများတန်းစီ ဝယ်ယူနေရ
Donate to DVB

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်ခံရသူတွေနဲ့ သေဆုံးသူတွေ များပြားနေချိန် ရန်ကုန်မြို့က ဆေးဝါးအရောင်းဆိုင်တွေမှာ လူသုံးများတဲ့ ဆေးဝါးတချို့ ပြတ်လပ်ပြီး ဆေးဆိုင်တချို့လည်း ပိတ်ထားကာ၊ ဆိုင်တချို့က အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်ရောင်းချနေ ရတယ်လို့ စုံစမ်းသိရပါတယ်။

“နှာစေး၊ ချောင်းဆိုး၊ ဖျားနာဆေးတွေ ပြတ်တယ်။ ပြီးတော့ အခု ဟော့နေတဲ့ ဆရာဝန်ညွှန်တယ်ဆိုတဲ့ အားဆေးတွေလည်း ပြတ်သွားတယ်။ ဘီပီအိုင်ထုတ် ဓာတ်ဆားလည်း ပြတ်တယ်။ ရှိတာတွေကလည်း ဈေး ၂ ဆလောက်တက်သွားတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် ဆေးဆိုင်တဆိုင်က ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် ဒေသခံတယောက်က “ရပ်ကွက်ထဲက ဆိုင်လေးတချို့ပိတ်ထားတယ်။ တချို့ ဖွင့်တဲ့ဆိုင်တွေမှာလည်း တန်းစီဝယ်ရတယ်။ ဆေးတချို့ကတော့ ဈေးတက်သွားတယ်။ ဒါကလည်း လမ်းပန်းဆက်သွယ်ရေးခက်လို့ကြောင့်လို့ ပြောတယ်” လို့ ဆိုပါတယ်။

နာတာရှည်ရောဂါသည်တွေအတွက် ဆေးတွေလည်း ဈေးတက်ပြီး ဆိုင်တိုင်းမှာ မရနိုင်တာကြောင့် ရနိုင်တဲ့ဆိုင်ကို လိုက်ရှာဝယ်ရကာ  ပေါက်ဈေးနဲ့ပဲ ဝယ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ခုချိန်ဟာ တုပ်ကွေးရာသီလည်း ဖြစ်နေတာကြောင့် သာမန် နှာစေးချောင်းဆိုး ဖြစ်နေတဲ့သူတွေလည်း ကိုဗစ်ကို စိုးရိမ်လို့ ရောဂါဖြစ်တာနဲ့ ဆေးဝယ်သောက်နေကြတာလို့ ရန်ကုန် ဒေသခံတယောက်က ပြောပါတယ်။

ပြီးတော့ ကိုဗစ်ကြောင့် သေဆုံးသူတွေ များနေတာကြောင့်လည်း ကိုယ်ခံအားကောင်းစေတယ်ဆိုတဲ့ ဆေးတွေကို အရင်ကထက် ပိုပြီးဝယ်နေကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန် ဆေးကုမ္ပဏီတခုက ဝန်ထမ်းတယောက်ကတော့ ကုမ္ပဏီတွေမှာလည်း ပိုးတွေ့လူနာရှိလာလို့ ၂ ပတ်အရောင်းပိတ်ရတာကြောင့် ဈေးကွက်ထဲမှာ ဆေးပြတ်တာလို့ ဆိုပါတယ်။

“ဆိုင်တွေမှာ ပါရာစီတမောက ဈေး ၂ ဆတက်သွားတယ်။ ချောင်းဆိုးပျောက်ဆေးကတော့ နည်းနည်းပဲ။ အားဆေးတွေလည်း ဈေးတက်တယ်။ ဆိုင်တွေမှာတော့ ကြိတ်ကြိတ်တိုးဝယ်နေကြတာ။ ဆေးဆိုင်တွေ ပိတ်မယ်ဆိုပြီး ကောလာဟလတွေလည်း ထွက်နေတာကိုး။ ဆေးကုမ္ပဏီတချို့မှာလည်း ကိုဗစ်လူနာ တွေ့ရတာတွေရှိတော့ ဆိုင်တွေဆီကို ဆေးလာမချနိုင်တာကြောင့်လည်း ဆေးတချို့ပြတ်နေတာပါ” လို့ ပြောပါတယ်။

ဒီကာလမှာ ပိုးသတ်ဆေးလည်း အရောင်းသွက်ပြီး ဈေးတက်နေတယ်လို့ သူက ဆိုပါတယ်။ ကုမ္ပဏီတွေက ပစ္စည်းလာမပို့တာကြောင့် အဲဒီဆေးတွေ ရှိနေတဲ့ မင်္ဂလာဈေး ဆေးလက်ကားဆိုင်တွေဆီကနေ ခေါ်ဈေးအတိုင်း ဝယ်နေရပြီး ဈေးတက်နေတာလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့တွင်း ဆေးဆိုင်တွေပိတ်ဖို့ ညွှန်ကြားချက်ထုတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဆေးဆိုင်တချို့ကိုတော့ လာရောက်ညွှန်ကြားတာမျိုးမရှိဘူးလို့ တောင်ဥက္ကလာပမြို့နယ်က ဆေးဆိုင်တစ်ဆိုင်ကပြောပါတယ်။

“ကျမတို့ဆီကိုတော့ ဘာညွှန်ကြားချက်မှ မလာပါဘူး။ ဖေ့စ်ဘွတ်ခ်မှာ တက်နေတာတွေတော့တွေ့ပါတယ်။ ဆိုင်ဖွင့်ပါတယ် တချို့ အဝယ်များတဲ့ဆေးတွေ ပြတ်တောက်နေပေမဲ့ ဆိုင်ဖွင့်ပြီး ဆက်လက်ရောင်းပေးနေပါတယ်”လို့ တောင်ဥက္ကလာပမြို့နယ်က ဆေးဆိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင်းက နာမည်ကြီးဆေးဆိုင်တော်တော်များများဆေးရောင်းချပေးနေပြီး တချို့ဆိုင်တွေက အချိန်အကန့်အသတ်နဲ့ ရောင်းပေးနေကာ ဝယ်ယူသူအများအပြားဆေး ဆိုင်ရှေ့မှာ တန်းစီဝယ်ယူနေတာတွေ့မြင်ရပါတယ်။ 

တချို့မြို့နယ်တွေမှာတော့  လမ်းမတန်းပေါ်က ဆေးဆိုင်တွေကို ပိတ်ခိုင်းတာ၊ ဆေးသီးသန့်ရောင်းတဲ့ ဆိုင်တွေကို ပိတ်ခိုင်းတာရှိပြီး ဆေးရုံနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

ကိုဗစ်ရောဂါဖြစ်လာရင် သောက်နိုင်တဲ့ ဆေးတွေဆိုပြီး လူပြောများနေတဲ့ ပါရာစီတမော၊ စီဗစ်၊ အော်ရယ်ဒီ 20  နဲ့ ဘီကိုဇင့် ဆေးတွေတော့ ဆေးဆိုင်တော်တော်များများမှာ ပြတ်လတ်နေပြီး BRAND ငှက်သိုက်နဲ့ နှာခေါင်းအစက်ချဆေးတွေလည်း ကြိုတင်ဝယ်ယူသူတွေများ ပြားတာကြောင့် ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်နေတယ်လို့ ပုဇွန်တောင်မြို့နယ်က ဆေးဆိုင်တာဝန်ရှိသူက ပြောပါတယ်။

တချို့ဆေးတွေက ပစ္စည်းဝယ်ရခက်ခဲတာတွေကြောင့် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိပေမဲ့ အရင်ဝယ်ယူထားပြီးဆေးတွေကို ဈေးတင်ရောင်းချတာမျိုးတော့မလုပ်ဘဲ ပုံမှန်ဈေးနဲ့ပဲ ရောင်းချပေးနေတယ်လို့  ဆေးဆိုင်တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက်၊ သေဆုံးသူ ၁၄၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာတော့  ဇူလိုင် ၁၂ ည ၈ နာရီမှ  ဇူလိုင် ၁၃ ည ၈ နာရီအတွင်း  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၃၇ ဦးနဲ့ သေဆုံးသူ ၃၂ ဦးရှိတယ်လို့ လည်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013