
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မြို့နယ်အမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်နုဟာ မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီ လောက်က သူ့ရဲ့ နေအိမ်အတွင်း ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြို့ပင်ကောက်မြို့ပေါ် သဲကုန်းရပ်ကွက်မှာနေတဲ့ မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်တင်နု အသက် ၅၅ နှစ်ဟာ သူ့အိမ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး နေရာမှာတင် သေဆုံး သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “အစ်မက ၁၁ နှစ်လောက်ရှိတဲ့ သူ့သမီးလေးနဲ့ အေးအေးလူလူ နေနေတာပါ။ သူ့အိမ်နောက်ဖေးကနေ ဝင်လာတဲ့ လူတယောက်က မီးဖိုထဲအထိဝင်ပြီး အတိုနဲ့ပစ် သွားတာ။ လည်ပင်း၊ နားထင်တွေအပါအဝင် သေနတ်ဒဏ်ရာ ၅ ချက်လောက်ထိပြီး နေရာမှာတင် ဆုံးသွားတယ်။ သူ့သမီးလေးကိုတော့ ဘာမှလုပ်မသွားဘူး။ ကြို့ပင်ကောက်က ပျူတွေရဲ့ လက်ချက် လို့တော့ သတင်းရထားတယ်။ အခုတကြိမ်က ဒုတိယအကြိမ် လုပ်ကြံခံရတာပါ။ အခု လုပ်ကြံခံ ရတဲ့အိမ်မှာပဲ ပြီးခဲ့တဲ့နှစ် ၇ လပိုင်းထဲက တခါ လုပ်ကြံခံရသေးတယ်။ အဲဒီတုန်းကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါတွေကြောင့် သူနဲ့ သူ့သမီးလေးတို့ ပြောင်းဖို့ ရွှေ့ဖို့ စီစဥ်နေကြရင်းက ထပ်ပြီး လုပ်ကြံခံရတာ။ သူ့အမျိုးသားက တိုင်း ၂ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတော့ ရှောင်နေရတာ ကြာပြီ” လို့ DVB ကို ပြောပါတယ်။
ဒေါ်တင်တင်နရဲ့ ခင်ပွန်းဖြစ်သူ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ဒုဥက္ကဋ္ဌ ဦးတင်ထွဋ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပဲခူးတိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီး အခုချိန်အထိ တိမ်းရှောင်နေပါတယ်။
ဒေါ်တင်တင်နုရဲ့ ဈာပနကို မတ် ၂၃ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြတယ်လို့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










