DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သုသာန်များတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ရုပ်အလောင်းရာချီ နေ့စဉ်သင်္ဂြိုဟ်ပေးနေရ
DVB
·
July 12, 2021
ရန်ကုန်သုသာန်များတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ရုပ်အလောင်းရာချီ နေ့စဉ်သင်္ဂြိုဟ်ပေးနေရ
Donate to DVB

ရန်ကုန်တိုင်းအတွင်း သုသာန်တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ တရက်ကို အနည်းဆုံး လူရာနဲ့ချီ သင်္ဂြိုဟ်ပေးနေရတယ်လို့ နာရေးကူညီမှုအသင်းတွေနဲ့ လူမှုကူညီရေးပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

မြောက်ဉက္ကလာ၊ ရေဝေးသုဿာန်မှာ ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့ တစ်ရက်တည်းမှာတင် ရုပ်အလောင်းရာနဲ့ချီပြီး သင်္ဂြိုဟ်ခဲ့ရတယ်လို့ ပရဟိတလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

အဲဒီရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့အတွက် မိသားစုဝင်တွေဟာ တန်းစီစောင့်ဆိုင်းခဲ့ကြရပြီး ဒီနေ့တစ်ရက်တည်းမှာတင် ရုပ်အလောင်း ၁၅၀ ဝန်းကျင်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီထဲက အများစုကတော့ ကိုဗစ်ကြောင့် သေဆုံးတာလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရေဝေးသုဿန်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ အလောင်း ၂၅၀ လောက် ရောက်လာခဲ့ပြီး၊ ဇူလိုင် ၁၀ ရက်နေ့မှာ အလောင်း ၅၀၀ လောက်ရောက်လာတဲ့အတွက် မီးသင်္ဂြိုဟ်စက်ကို နေ့ရောညရော မနားရဘဲ မနိုင်မနင်းတွေဖြစ်နေတယ်လို့ ရေဝေးသုဿန်ရဲ့ တာဝန်ရှိသူနဲ့ နီးစပ်သူထံက သိရတယ်။ 

ရေဝေးစွန္နီမွတ်စလင်မ်ကဗရ်စတာန် ဥယျာဥ်တော် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူတယောက်က “ဒီနေ့က ၅၃ ယောက်ရှိတယ်။ အရင်က ပုံမှန်ဆိုရင် ၅ ယောက်၊ ၆ ယောက်ပဲ။ ဗုဒ္ဓဘာသာဝင်တွေ သင်္ဂြိုဟ်တဲ့ ဘက်မှာတော့ ၂၀၀ ကျော်သွားပြီလို့ သိရတယ်။” လို့ ပြောပါတယ်။

ရန်ကုန်က ကိုဗစ်နဲ့ သေဆုံးတဲ့ အစ္စလာမ်ဘာသာဝင်တွေကို မြှုပ်နှံရာ ထိန်ပင်သင်္ချိုင်းမှာတော့ ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်ကနေ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့အထိ ၂၈၁ ယောက်ကို မြှုပ်နှံခဲ့တယ်လို့ ကိုဗစ်-၁၉ နဲ့ ကွယ်လွန်သူ အစ္စလာမ်ဘာသာဝင်များ မြှုပ်နှံရေး ကော်မတီက ဆိုပါတယ်။ 

လတ်တလော ကိုဗစ်တတိယလှိုင်းကာလမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ဦးရေတိုးလာနေတယ်လို့ ကျီစုနဲ့ ထိန်ပင်သုသာန်တွေဆီ နာရေးကူညီ ပို့ဆောင်ပေးနေတဲ့ ရွှေသံလျင်နာရေးကူညီမှုအသင်း (ဒဂုံ) တာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်က တရက်ကို သူတို့အသင်းက အလောင်း  ၂၀ လောက်သာ လိုက်ပါကူညီခဲ့ရပေမဲ့ လတ်တလောကာလမှာ တစ်ရက်ကို အလောင်း ၃၀ အထက် ကူညီပေးနေရတယ်လို့ ပြောပါတယ်။

"ဆေးရုံကရော အိမ်တွေကရောပဲ သယ်ရတာ။ အခုဆို အိမ်တွေကဆို ဘာရောဂါမှန်းမသိ သယ်ပေးနေရတယ်။ သေဆုံးသူတိုးလာတဲ့အတွက် နာရေးကူညီတဲ့ ကျနော့်ဆီက လူငယ်တွေအတွက် ကာကွယ်ရေးဝတ်စုံကအစ အခက်အခဲရှိနေတယ်။" 

အရင်က သုသာန်မှာ မီးသဂြိုဟ်ဖို့  ခဏသာစောင့်ရပေမဲ့ အခုအခါမှာ နာရေးကားတွေ တန်းစီ စောင့်ဆိုင်းနေကြရတဲ့အခြေအနေ ဖြစ်နေပြီး ကျီစုနဲ့ရေဝေးသုသာန်တွေမှာ တစ်ရက်ကို နာရေး သင်္ဂြိုဟ်တဲ့အလောင်း ၅၀ အထက်ရှိကြတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ ကူးစက်မှုနဲ့ သေဆုံးနှုန်း တိုးမြင့်လာနေပြီး နိုင်ငံတဝန်းမှာလည်း အောက်ဆီဂျင်မရလို့ သေဆုံးရတဲ့လူနာတွေ များပြားနေပါတယ်။

ရန်ကုန်တိုင်းအတွင်း အောက်စီဂျင်ပြတ်သွားလို့ ဒီနေ့ သေဆုံးသွားတဲ့ ကိုဗစ်လူနာရဲ့ မိသားစုဝင်တယောက်က "အောက်စီဂျင်အိုးတွေ သွားဖြည့်နေတုန်း အိမ်မှာ ၁၀ လီတာအိုးနဲ့ ရှူနေတာ။ အဲဒါကုန်သွားတော့ (သွေးတွင်း) အောက်စီဂျင်က ၆ဝ အောက်အထိ ကျသွားတယ်။ သွားဖြည့်တာက နေ့လယ်မှ ရောက်လာတယ်။ ပြတ်သွားတာ ၃ နာရီလောက် ကြာသွားတာပေါ့။ အဲဒီမှာ ဆုံးသွားတယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးနဲ့ လူမှုကူညီကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “လူနာတင်ယာဉ်တစ်စီးကို အလောင်း ၆ လောင်းလောက် ပြွတ်သိပ်တင်နေရတယ်။ ကိုဗစ်စင်တာ အင်းယားစင်တာမှာလည်း အောက်ဆီဂျင်ဘူးတွေ မလောက်လို့ တနေ့ကို ၄ ယောက် သေနေတယ်။ အခြေအနေကတော့ တော်တော်ဆိုးနေပြီ” လို့ ပြောပါတယ်။

ပရဟိတအသင်းဝင်တယောက်ကလည်း “ဒီနေ့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဒဂုံမှာတင် နာရေးလိုက်လုပ်ပေးရတာ အယောက် ၂၀ လောက် ရှိတယ်။ မနေ့ကဆို ကျနော်တို့လက်မှာတင် ၂ ယောက်ဆုံးသွားတာ။ အကြောင်းကြောင်းတွေကြောင့် အောက်စီဂျင်ကိစ္စကိုတော့ ကျနော်တို့ မလုပ်ပေးနိုင်တော့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် နာရေးကူညီမှုအသင်းတွေက ကိုဗစ်-၁၉ လူနာတွေနဲ့ သံသယလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ရာမှာ လက်မခံတာကြောင့် အိမ်ပြန်သယ်လာပြီး သေဆုံးရတဲ့သူတွေလည်း ရှိနေပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်မှာတော့ ရပ်ကွက်အလိုက်နာမှုကူညီတဲ့အသင်းတွေ ရှိပြီး နာရေးဖြစ်ပေါ်ပါက ကိုဗစ်ကြောင့် သေဆုံးတာမဟုတ်ပေမဲ့ သံသယကြောင့် နေ့ချင်းပြီး သပြေကုန်းသုသာန်မှာ သင်္ဂြိုဟ်ပေးရတာတွေ ရှိတယ်လို့ ဒလမြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော် ရပ်ကွက်က  ၂ ဦးပေါ့ ဒီနေ့ သင်္ဂြိုဟ်တယ်၊ မနက်ဖြန် ၁ ဦးရှိမယ်။ သုသာန်မှာ အရင်ကထက်များ မများ မသိပေမဲ့ ကိုဗစ်ကြောင့် သေတဲ့သူဆိုရင် လူတွေ ပေးမဝင်တဲ့ တခြား ဘက်မှာ သင်္ဂြိုဟ်တယ်။ လတ်တလော ကိုဗစ်ဖြစ်ရင်တော့ ဆေးရုံသွားတာ များတယ်။ အရပ်ထဲ သေတဲ့သူတွေကျ ကိုဗစ်ဟုတ်၊ မဟုတ်တော့ မသိဘူးဗျ” လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ရန်ကုန်မြို့တွင်း လိုင်းကားတွေပေါ်နဲ့ အဝေးပြေး ခရီးသည်တင် ကားတွေပေါ်မှာလည်း ခရီးသည်တွေ သေဆုံးမှုတွေ  ဖြစ်ပေါ်နေပါတယ်။

ဇူလိုင် ၁၂ ဒီနေ့ ညနေ ၄ နာရီလောက်က ရန်ကုန် ကမာရွတ်မြို့နယ်၊ လှည်းတန်း မှတ်တိုင်နားက တက္ကစီပေါ်မှာ ခရီးသည်တစ်ဦး သေဆုံးနေတာကြောင့် ပရဟိတအဖွဲ့က လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းမှာလည်း ဇွန် ၂၆ ရက်မနက်ပိုင်းက ယာဉ်ပေါ် သေဆုံးနေတဲ့ အမျိုးသားမှာ ကိုဗစ်ပိုးတွေ့ရှိရပြီး ဇူလိုင် ၇ ရက်ကလည်း အင်းစိန်မြို့နယ်၊ ပေါက်တော၀ မှတ်တိုင်အနီး YBS ၄၀ ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဇူလိုင် ၁၀ ရက်ည ၈ နာရီမှ ဇူလိုင် ၁၁ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀၇၄ ယောက်ရှိပြီး သေဆုံးသူ ၂၁ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့  ထုတ်ပြန်ထားတယ်။ 

မန္တလေးတိုင်းမှာ အတည်ပြုလူနာ ၁၉၄ ဦး သေဆုံးသူ ၁၄ ဦး၊ ပဲခူးတိုင်းမှာ ၅၃၂ ဦးနဲ့ သေဆုံးသူ ၈ ဦး ၊ စစ်ကိုင်းတိုင်းမှာ အတည်ပြုလူနာ ၂၆၆ ဦးနဲ့ သေဆုံးသူ ၅ ဦး၊ မကွေးတိုင်းမှာ အတည်ပြုလူနာ  ၂၄၇ ဦးနဲ့ သေဆုံးသူ ၂ ဦး ၊ ရှမ်းပြည်နယ်မှာ အတည်ပြုလူနာ  ၃၂၄ ဦးနဲ့ သေဆုံးသူ ၄ ဦး စသဖြင့်ရှိတယ်လို့ ဆိုပါတယ်။ 

အလားတူ တခြားပြည်နယ်နဲ့ တိုင်းအသီးသီးမှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာနေပြီး အောက်ဆီဂျင်မလုံလောက်တာ၊ ဆေးဝါးမလုံလောက်တာ၊ ဆရာဝန် မလုံလောက်တာတွေကြောင့် သေဆုံးလူနာတွေ တဖြည်းဖြည်း များပြားလာနေပါတယ်။

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာတော့ ကိုဗစ်​-၁၉ ကြောင့် ဇူလိုင် ၁၁ ရက်နေ့က ၂၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ​အောက်ဆီဂျင်မရှိလို့ ​သေဆုံးတာဖြစ်တယ်လို့ လူမှုကူညီ​ရေး​ဆောင်ရွက်​နေသူထံက သိရပါတယ်။

“​အောက်ဆီဂျင် မရတာ​ကြောင့် ​သေဆုံးတာ ပိုများတယ်။ ညဘက်​တွေမှာ အ​ရေး​ပေါ်​အောက်ဆီဂျင်ကျပြီး ​သေဆုံးတာ များတယ်။ ​အောက်ဆီဂျင်အိုး​တွေက ပုသိမ်မှာ ဝယ်လို့မရသလို ရန်ကုန်မှာပါ တက်ဝယ်တာ မရဘူး။ အခုပုံအတိုင်း ဆို မလွယ်ဘူး” လို့ ပုသိမ်မြို့ လူမှုကူညီ​ရေး​ဆောင်ရွက်​နေသူတစ်ဦးက​ ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာတော့ ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ တရက်တည်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅,၀၁၄ ဦးစံချိန်တင်တွေ့ရှိပြီး ၈၉ ယောက်သေဆုံးခဲ့ကာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၉၇,၂၂၇ ဦးနဲ့ သေဆုံးသူစုစုပေါင်း  ၃,၉၂၇ ဦး ရှိသွားပြီလို့လည်း စစ်ကောင်စီကျန်းမာရေးဌာနက ဒီကနေ့ည ထုတ်ပြန်ထားပါတယ်။

မြေပြင်မှာလက်တွေ့ကူညီဆောင်ရွက်နေသူတွေကတော့ စစ်ကောင်စီကျန်းမာရေးဌာန ထုတ်ပြန်တဲ့ ကူးစက်မှု၊ သေဆုံးမှု စာရင်းတွေထက် လက်တွေ့မှာ အများကြီး ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Photo Credit- ဘိုစိန်လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013