
အမေရိကန်နဲ့ အီရန် ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့အပြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ပိတ်ဆို့မယ်လို့ ကြေညာခဲ့တာကြောင့် ဧပြီ ၁၃ ရက်နေ့ စွမ်းအင်စျေးကွက်ဖွင့်ချိန်မှာ ရေနံစိမ်းစျေးဟာ တစည်ကို အမေရိကန် ဒေါ်လာ ၁၀၀ အထက် ပြန်ရောက်သွားခဲ့ပါတယ်။
ကမ္ဘာ့စံသတ်မှတ်ချက်ဖြစ်တဲ့ ဘရန့်ရေနံစိမ်းစျေးက ၈ ဒသမ ၅ ရာခိုင်နှုန်းတက်လာပြီး ဝက်စ်တက္ကဆက် ရေနံစျေးက ၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဆွေးနွေးပွဲပျက်သွားတဲ့အတွက် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပိုဆိုးလာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့တုန်းကတော့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး သဘောတူညီချက်ရခဲ့လို့ ရေနံစျေးတွေ ထိုးကျခဲ့ပါသေးတယ်။
အရှေ့အလယ်ပိုင်း ရေနံကို မှီခိုနေရတဲ့ အာရှနိုင်ငံတွေဟာ ဒီစစ်ပွဲဂယက်ကို အဆိုးရွားဆုံး ခံစားနေရပါတယ်။
ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်း အာရှစတော့ရှယ်ယာစျေးကွက်တွေမှာလည်း အညွှန်းကိန်းတွေ ကျဆင်းခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ နစ်ကေးအညွှန်းကိန်း သုည ဒသမ ၈ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားရဲ့ ကိုစပီအညွှန်းကိန်း ၁ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးက လက်ဘနွန်ကို ဆက်တိုက်တိုက်ခိုက်နေပါတယ်။
Source: Reuters











