DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဆင်နွှဲရန် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တိုးချဲ့ဖွဲ့စည်း
DVB
·
July 11, 2021
စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဆင်နွှဲရန် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တိုးချဲ့ဖွဲ့စည်း
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးကာလ စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲကို ပြည်သူတွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ များ(တကသများ-ရန်ကုန်) Alliance of Students’ Unions (ASU-Yangon) ကို တိုးချဲ့ဖွဲ့ စည်းလိုက်ပါတယ်။

ဇူလိုင် ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဆေးတက္ကသိုလ်(၁) ရန်ကုန် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ သူနာပြုနှီးနွှယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ မြောက်ဥက္ကလာ ပ သူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ ဗဟိုသားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ သူနာပြုသင်တန်းကျောင်း ရန်ကုန်(အရှေ့ပိုင်း) ကျောင်းသားများသမဂ္ဂ၊ သန်လျင်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ စတဲ့ သမဂ္ဂ ၇ ခု ထပ်မံပါဝင်လာကာ စုစုပေါင်း ကျောင်းသားသမဂ္ဂ ၂၃ ရပ်နဲ့ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်က ကနဦးစတင်ဖွဲ့စည်းခဲ့တဲ့ တကသများ-ရန်ကုန်မှာတော့ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်များ (ရွာသာကြီးနယ်မြေနဲ့လှိုင်နယ်မြေ)၊ ရန်ကုန်နည်းပညာတက္ကသိုလ် အပါအဝင် ရန်ကုန်အခြေစိုက်တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ၁၅ ခုက ကျောင်းသားသမဂ္ဂတွေပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တကသများ-ရန်ကုန် အနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး၊ စစ်အုပ်စုမပါဝင်တဲ့ အစိုးရတရပ် ထူထောင်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအပြည့်အဝရရှိရေးစတဲ့ မူဝါဒ ၃ ရပ်အပေါ် ရပ်တည်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တကသများ-ရန်ကုန် အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အမှန်တကယ် လိုလားတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး နွေဦးတော်လှန်ရေး တိုက်ပွဲအောင်မြင်ဖို့အတွက် ကျောင်းသားပြည်သူတရပ်လုံးနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်၊ ပန်းသပိတ် စတဲ့ နည်းလမ်းအမျိုးမျိုး အသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို လုပ်ဆောင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၅ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၉၀၀ နီးပါးရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013