DVB Logo
Home
မြန်မာသတင်း
အောက်ဆီဂျင်စက် ပြည်ပမှတင်သွင်းရာတွင် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်မလိုတော့
DVB
·
July 10, 2021
အောက်ဆီဂျင်စက် ပြည်ပမှတင်သွင်းရာတွင်  FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်မလိုတော့
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်နေပြီး အောက်ဆီဂျင် လိုအပ်ချက်များနေတာကြောင့်  ပြည်ပကနေ (Oxygen Concentrator)  အောင်ဆီဂျင်စက်တွေ တင်သွင်းရာမှာ  FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ထားစရာမလိုဘဲ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

  အောက်ဆီဂျင်စက် တင်သွင်းလိုတဲ့ လုပ်ငန်းရှင်တွေ လွယ်လွယ်ကူကူနဲ့ တင်သွင်းနိုင်ဖို့ အခုလို ဖြေလျှော့ပေးလိုက်တာလို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ 

ဒါ့အပြင် တင်သွင်းလာတဲ့ ပစ္စည်းအတွက် ကျသင့်တဲ့ အကောက်ခွန် ၃ ရာခိုင်နှုန်းကိုလည်း လက်ငင်းပေးဆောင်ဖို့ မလိုအပ်ဘဲ စာရင်းအဖြစ်ထားရှိပြီး ပစ္စည်းချက်ချင်း ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အောက်ဆီဂျင်အသက်ရှုစက် Oxygen Concentrator တွေကို FDA ထောက်ခံချက်မလိုဘဲ တိုက်ရိုက်တင်သွင်းခွင့်ပြုလိုက်ပေမဲ့ အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ ကိုဗစ်အရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။

ကိုဗစ်လူနာတွေလိုအပ်နေတဲ့ အောက်ဆီဂျင်အိုးမလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီက ဆောင်ရွက်တာဆိုပေမဲ့ လက်တွေ့မြေပြင်လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့ ရန်ကုန်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clean Yangon အဖွဲ့မှ ကိုထူးမြတ်အောင်က ပြောပါတယ်။
ပုံမှန်ကာလတုန်းက Oxygen Concentrator တစ်ခုရဲ့ဈေးနှုန်းဟာ ငွေကျပ် ၇သိန်းကနေ ၁၀သိန်းဝန်းကျင်ပဲရှိခဲ့ပေမယ့် လတ်တလော ဈေးကွက်ထဲမှာ ကျပ် ၂၅သိန်းကနေ သိန်း ၃၀ နီးပါးဈေးပေါက်နေတာဖြစ်တဲ့အတွက် တိုက်ရိုက်တင်သွင်းခွင့်ရရင် သက်သာတဲ့ဈေးနှုန်းနဲ့အသုံးပြုနိုင်လိမ့်မယ်လို့ ကုန်သည်စက်မှုအသင်းချုပ်အဖွဲ့ဝင်ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။
"Oxygen Concentrator ကျတော့ ကိုဗစ်လူနာတွေအတွက်သုံးလို့ရတယ်။ အိုးလိုလည်းဖြည့်စရာမလိုဘူး။ လေထဲမှာရှိတဲ့ အောက်စီဂျင်ကိုပေးတာ။ လက်ရှိဈေးကွက်ထဲမှာ ဈေးက ၂ဆ ၃ဆ ဖြစ်နေတာ။ စီးပွားကူးသန်း၊ ကုန်သည်စက်မှုအသင်းချုပ်နဲ့ ဆေးအသင်းညှိပြီးတော့ FDA ကင်းလွတ်ခွင့်ပေးလိုက်တယ်။ သွင်းတဲ့သူတွေလည်းပိုအဆင်ပြေသွားမယ်။ လိုအပ်ချက်ရှိတဲ့သူတွေလည်း Oxygen Concentrator ဝယ်လို့ရသွားမယ်"။
မြေပြင်မှာ အောက်စီဂျင်အိုးမလုံလောက်တာကြောင့် အောက်ဆီဂျင် မရှုရဘဲ အသက်သေဆုံးသူတွေအများအပြားရှိနေတယ်လို့ အကူအညီပေးနေတဲ့အဖွဲ့တွေကပြောပါတယ်။

ဆေးရုံတွေမှာ ပိုးတွေ့လူနာတွေကိုထားဖို့နေရာမရှိတော့သလို ဆေးရုံတွေမှာပါ အောက်ဆီဂျင်ပြတ်လပ်နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ လည်း အရပ်ဖက်အဖွဲ့တွေကပြောပါတယ်။ မြို့နယ်ဒေသန္တရကျန်းမာရေးဦးစီးဌာနတွေကလည်း ပိုးတွေ့လူနာတွေကို ဆေးရုံကလက်မခံတဲ့အတွက် နေအိမ်မှာပဲနေပြီး အောက်ဆီဂျင်ရှုနိုင်အောင်စီစဉ်ပေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု  တတိယလှိုင်းက  ကူးစက်ပျံ့နှံ့မှုနှုန်းရော သေဆုံးမှုနှုန်းပါ မြင့်တက်နေပြီး လူနာတွေ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးမှု ဖြစ်စဉ်တွေကလည်း  နေ့စဉ်နဲ့အမျှမြင့်တက်လာနေပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဇူလိုင် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်ရက်တည်းမှာ ပိုးတွေ့လူနာ ၄၃၀၀ ကျော်ရှိခဲ့ပြီး ၆၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013