DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းမှုကြောင့် HIV/AIDS ဝေဒနာရှင်များအပေါ် ဆိုးကျိုးသက်ရောက်
DVB
·
July 10, 2021
စစ်တပ်အာဏာသိမ်းမှုကြောင့် HIV/AIDS ဝေဒနာရှင်များအပေါ် ဆိုးကျိုးသက်ရောက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့်  HIV/AIDS ဝေဒနာရှင်တွေအပေါ် အကျိုး သက်ရောက်မှု များစွာရှိနေပြီး ဆေးဝါးမလုံလောက်မှု၊ ကုသရေးစခန်းတွေပိတ်ထားရမှု၊ နိုင်ငံတကာနဲ့ ပြည်တွင်း အန်ဂျီအိုတွေရဲ့   ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လျှော့ချနေရတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

ဇူလိုင် ၈ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ HIV/AIDS ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရက ၂၀၁၇ ခုနှစ်၊ မေလက HIV/AIDS ဆိုင်ရာ မဟာဗျူဟာမြောက်အစီအစဉ် (၂၀၁၆-၂၀၂၀) ကို စတင် အကောင်အထည်ဖော်ခဲ့ပြီး ဒီအစီအစဉ်နဲ့ ရောဂါကူးစက်မှုပြင်းထန်တဲ့ ဒေသတွေမှာ အချိန်တိုအတွင်း ရောဂါကူးစက်မှု ရှာဖွေဖော်ထုတ်ရေးနည်းလမ်းတွေကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါနှစ်တွေအတွင်း မြန်မာနိုင်ငံဟာ ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက်မှု လုပ်ငန်းတွေ သိသာထင်ရှားစွာ တိုးတက်မှုရှိခဲ့ပြီး၊ ရောဂါကူးစက်ခံရသူ ၈၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့  ရောဂါအခြေအနေကို ကောင်းစွာနားလည်ခဲ့ပြီး၊    ၉၁ ရာခိုင်နှုန်းဟာ ဆေးကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာအရပ်သားအစိုးရဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးသာမက တခြားကူးစက်ရောဂါတွေ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး အတွက်ပါ အလေးပေးဆောင်ရွက်နိုင်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု အပြီးမှာတော့ ဒီကြိုးပမ်းအားထုတ်မှုတွေအားလုံး ရပ်တန့်သွားခဲ့တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အကွက်ကျကျ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဒီနေ့အထိ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၉၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း သံအမတ်ကြီးက ကုလသမဂ္ဂ ညီလာခံမှာ ပြောပါတယ်။

စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ  HIV/AIDS ရောဂါခံစားနေရသူတွေအတွက် ဆေးဝါးကုသမှုပေးအပ်တာအပါအဝင် တခြားလူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေနဲ့ အသက်ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ ထောက်ပံ့တာကိုပါ ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။ 

ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေနဲ့ ပရဟိတ လုပ်အားတွေကိုလည်း စစ်တပ်က အင်အားသုံး ဖမ်းဆီးမှုတွေဟာလည်း  စိုးရိမ်ဖွယ်ရာ မြင့်တက်နေပြီး၊  ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းတွေ၊  စည်းမျည်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးဟာ လူ့အခွင့်အရေးတွေထဲမှာ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်သူတွေ အသက်အန္တရာယ် ကာကွယ်ရေးအတွက် လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဆောင်ရွက်ရေးတို့အတွက် အရပ်သား ပြည်သူတွေ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ ရက်စက် လူမဆန်တဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်အောင် ဆောင်ရွက်ဖို့လည်း နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုသွားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်    တနင်္သာရီတိုင်းအတွင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့  MSF ကနေ ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးနဲ့ဆေးဝါး စောင့်ရှောက်မှုကို ရပ်လိုက်ဖို့ စစ်ကောင်စီက အမိန့်ထုတ်လာတာကြောင့် HIV/AIDS ဝေဒနာရှင်တွေအပါအဝင် ထောင်နဲ့ချီတဲ့ လူနာတွေအတွက် အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာမယ်လို့ MSF က ဇွန်လ ၉ ရက်မှာ ထုတ်ပြန်သတိပေးထားပါတယ်။

ရန်ကုန် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာ  မိဘမဲ့ကလေးတွေနဲ့  HIV/AIDS  ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ထားတဲ့  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်လုပ်ကိုင်နေတဲ့ NLD AIDS CENTER(NAC) ကိုလည်း အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဝင်ရောက်ရှာဖွေ နှောင့်ယှက်ခဲ့တဲ့အတွက်  အလှူရှင်တွေဆီက အကူအညီရရှိမှု  နည်းပါးသွားပြီး ကလေးငယ်တွေ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ HIV ကူးစက်ခံနေရသူပေါင်း ၂၄၀,၀၀၀ ရှိပြီး ဒီအထဲမှာ အသက် ၁၅ နှစ်နဲ့အထက် အမျိုးသား ၁၄၀,၀၀၀၊ အသက် ၁၅ နှစ်နဲ့အထက်အမျိုးသမီး ၈၈,၀၀၀ နဲ့ အသက် ၁၅ နှစ်အောက်ကလေး ၁,၁၀၀၀ ပါဝင်တယ်လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013