DVB Logo
Home
မြန်မာသတင်း
ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေး ၂ သန်းတောင်းခံထားဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
July 10, 2021
ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေး ၂ သန်းတောင်းခံထားဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပိုမိုဆိုးရွားလာတဲ့ မြန်မာနိုင်ငံအတွက် ရုရှားထံမှ ကာကွယ်ဆေး ၂ သန်းတောင်းခံထားတယ်လို့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ရုရှားနိုင်ငံ ကာကွယ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အကူအညီတောင်းခံခဲ့တာဖြစ်ပြီး သူတို့က ထောက်ပံ့ပေးမယ်လို့ ပြောခဲ့တယ်လို့ စစ်ခေါင်းဆောင်ကဆိုပါတယ်။

“ကျနော်တို့လည်း လိုအပ်ချက် အရပေါ့လေ ရုရှားနိုင်ငံကို သွားတဲ့အချိန်မှာလည်း ရုရှားနိုင်ငံမှာ ကျနော်ကိုယ်တိုင်ပဲ ကာကွယ်ရေး ဝန်ကြီးရော၊ သူတို့ရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ ဒါလိုချင်တယ်ဆိုတော့ သူတို့ချက်ခြင်းပဲ အရေးတယူဆောင်ရွက်ပေးတယ်။ ၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့မှာလည်း အခက်အခဲက ဘာလဲဆိုတော့ သူတို့ရဲ့ Capacity က ထုတ်နိုင်တဲ့ Capacity ကအများကြီးမရှိဘူး။ တစ်ကမ္ဘာလုံးသူတို့က ဖြန့်နေရတာကိုး။ ဖြန့်နေရတော့ သူတို့ကလည်း မပေးနိုင်ဘူး ဖြစ်နေတာ။ ခွဲခွဲပြီး ပို့နေရတာ ။ မရတော့မဟုတ်ဘူး။ ဒီလထဲမှာပဲ သူတို့ စပို့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လောက်ပေးနိုင်မယ်ဆိုတာကတော့ ပို့တဲ့အချိန်မှပဲစပြီး amount ကို သူတို့က ပြောနိုင်မယ်ပြောပါတယ်။ သောင်းဂဏန်းအထက်တော့ ရှိပါလိမ့်မယ်။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၂၀ ယောက်နဲ့ သေဆုံးသူ ၆၄ ယောက်ရှိခဲ့ကာ ဆက်တိုက်သေဆုံးမှု စံချိန်တင်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်အာဏာသိမ်းမှုကြား နိုင်ငံတဝန်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာနေခဲ့တာဖြစ်ပြီး ကျန်းမာရေးပညာရှင်တချို့ကတော့ ပိုပြီးတော့ ကူးစက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ရောဂါဖြစ်ပွားနေသူတွေအတွက် အောက်ဆီဂျင်လိုအပ်မှုနဲ့ပတ်သက်လို့လည်း အမြန်ဆုံးဆောင်ရွက်နေကြောင်း အောက်ဆီဂျင်စက်ရုံတွေ အမြန်ဆုံးစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးနဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ရည်တွေ ဖြည့်တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်း(MEC)ရဲ့ စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်စက်ရုံကနေ အောက်ဆီဂျင်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာ အခက်အခဲရှိတဲ့အကြောင်းနဲ့ ဆရာဝန် တွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားဖို့ မှာထားတယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ စစ်အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအများစုဟာ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လတ်တလော စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါ ကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013