DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အန်စီအေလမ်းကြောင်းအတိုင်း ဆက်လုပ်မည်
DVB
·
July 9, 2021
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အန်စီအေလမ်းကြောင်းအတိုင်း ဆက်လုပ်မည်
Donate to DVB

အပစ်ရပ်တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့  ၁၀ ဖွဲ့အနေနဲ့ အန်စီအေလမ်းကြောင်းအတိုင်း ဆက်လုပ်မှာဖြစ်ပြီး နိုင်ငံရေးအရဆွေးနွေးနိုင်မယ့် အစိုးရနဲ့ လွှတ်တော် မရှိတော့တဲ့အတွက် ဒီကာလမှာ စစ်ကောင်စီအဖွဲ့နဲ့ ဆွေးနွေးတာတွေတော့  မလုပ်ဘူးလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့တစ်ဖွဲ့ချင်း လုပ်ဆောင်ရမယ့် ကိစ္စတွေရှိရင် ဆက်လက်လုပ််ဆောင်ဖို့ PPST အနေနဲ့ နားလည်မှုပေးထားတယ်လို့  ဆိုပါတယ်။

“စစ်အစိုးရနဲ့ကတော့ ထူးထူးထွေထွေ လောလောဆယ်မရှိသေးပါဘူး။ နိုင်ငံရေးဆွေးနွေး ပွဲလည်း မရှိသေးဘူး။ ဘယ်လိုဆက်စပ်မှုမှ မရှိသေးဘူး။ တခုပဲ ရှိမှာက bilateral  နှစ်ဖွဲ့ချင်းထိုးထားတဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အဲဒီနှစ်ဖွဲ့ချင်းထိုးထား တဲ့စာချုပ်တွေမှာ အကောင်အထည်ဖော်တာတို့ ဘာတို့ အောက်ခြေအဆင့်လုပ်ရင်တော့ ဆက်ဆံရေးရုံးကနေ တဆင့် လုပ်သွားတဲ့ အစိတ်အပိုင်းတွေတော့ ရှိပါတယ်။ အဲဒါကတော့ တဖွဲ့ချင်း သီးခြားလုပ်ရမယ့် ပြဿနာဖြစ်တော့ PPST အနေနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။ PPST ကတော့ ဒီဟာတွေကို နားလည်မှုပေးတယ်ဆိုတဲ့ အချက်လောက်ပဲ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။”

အပစ်ရပ်လက်မှတ်ထိုထားတဲ့ အဖွဲ့တွေအနေနဲ့ အန်စီအေစာချုပ်အရသာ ပူးပေါင်းဆောင်ရွက်ရတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့်  စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးမှုသာမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်တွေကိုလည်း တစ်ဖွဲ့ချင်းစီအနေနဲ့ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ 

အခုကျင်းပပြီးခဲ့တဲ့  ၁၇ ကြိမ်မြောက် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ အဲဒီကိစ္စရပ်တွေကို ဆွေးနွေးခဲ့ သလို ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ နုတ်ထွက်ခွင့်တောင်းတာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆက်လက်ဦးဆောင်ပေးဖို့ တောင်းဆိုပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးနိုင်ငံရေးအကျပ်အ တည်းတွေကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နုတ်ထွက်ခွင့် တောင်းခဲ့တာလို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ 

အဲဒီအတွက် ၁၇ ကြိမ်မြောက် PPST အစည်းအဝေးမှာ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ဒုတိယပိုင်းပြီးမြောက်တဲ့အထိ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းက တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဗိုလ်မှူးကြီး စိုင်းငင်းတို့က တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“အဲဒါကတော့ သုံးဦးကော်မတီကိုပြောတာပါ။ သုံးဦးကော်မတီက အစည်းအဝေး ဒုတိယပိုင်းရောက်ရင် တရားဝင်အဖွဲ့ခေါင်းဆောင်တွေဘာတွေ ပြန်ရွေးရမှာကိုး၊ အဲဒီလို အစည်းအဝေးမခေါ်နိုင်တော့ မရွေးနိုင်သေးတဲ့ကြားမှာ လက်ရှိအဖွဲ့ခေါင်းဆောင်ကလည်း မအားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ သုံးယောက်နဲ့ ခဏဝင်ထိန်းတဲ့သဘောပါ။ ကြားဖြတ်ထိန်းတဲ့ သဘောပါပဲဗျာ။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကို အစိုးရနဲ့ နိုင်ငံရေးညှိနှိုင်းမှု တွေပြုလုပ်ဖို့အတွက် ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင်ဖွဲ့စည်းတဲ့အချိန်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ PPST  အဖွဲ့ခေါင်းဆောင်နေရာကနေ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နုတ်ထွက်ခဲ့ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီအဖွဲ့ခေါင်းဆောင်အနေနဲ့ ဆက်လက် တာဝန်ယူခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013