DVB Logo
Home
Lead Story
Legitimacy ဘာလဲ၊ ဘယ်လဲ
DVB
·
July 9, 2021
Legitimacy ဘာလဲ၊ ဘယ်လဲ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ အရှိန်မြန်မြန်နဲ့ တိုးတက်ဖြစ်ထွန်းနေတာဖြစ်တယ်။ နိုင်ငံတကာထောက်ခံမှုနဲ့ သံတမန်ရေးနယ်ပယ်မှာ အောင်မြင်မှု ကြီးကြီးမားမားရရှိနေသလို ပြည်တွင်း CDM လှုပ်ရှားမှုတွေ၊ မြို့ပေါ်သပိတ်တိုက်ပွဲတွေနဲ့ ဒေသအသီးသီးက မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေး စစ်ဆင်နွှဲနေတဲ့ PDF တွေရဲ့ လှုပ်ရှားမှုတွေကလည်း အားရစရာကောင်းလောက်အောင် တည်ရှိနေတာဖြစ်တယ်။ ပြည်သူလူထုကြီး တရပ်လုံးက နွေဦးတော်လှန်ရေးကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးနေမှုက NUG အစိုးရအတွက် အကြီးမားဆုံးအင်အား ဖြစ်နေတာပါ။ 

ဒါပေမဲ့ နှစ်ပေါင်း ၆၀ ကျော် စစ်တပ်စိုးမိုးမှုအောက်မှာရှိခဲ့တဲ့ ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာကတော့ အချိန်ယူရဦးမှာပါ။ ဒီပြဿနာတွေထဲမှာ နိုင်ငံရေး အတွေးအခေါ်အရ၊ စည်းရုံးရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတွေအရ နေသားတကျ မဖြစ်မှုတွေက သဘာဝကျစွာ တည်ရှိနေဦးမှာဖြစ်တယ်။

တချို့ကိစ္စတွေကတော့ စစ်အာဏာရှင်စနစ်အောက်မှာ မွေးဖွားကြီးပြင်းလာသူတွေကိုယ်တိုင် အာဏာရှင်အတွေးအခေါ်မျိုး မသိမသာ စွဲကပ်နေလို့ ဖြစ်လာရတာလို့ ဆိုရမှာပါ။ အဲဒါက ဘာလဲဆိုတော့ ဒီမိုကရေစီကိုမယုံကြည်လို့ပေါ့။ ပါးစပ်ကတော့ အားလုံးက ဒီမိုကရေစီအရေးဆိုပေမယ့် လက်တွေ့ဖော်ပြချက်တွေမှာတော့ ဒီမိုကရေစီရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ချင်တာတွေ၊ လျော့တွက်တာတွေဖြစ်လာတာပါ။ 

ဒီမိုကရေစီအစိုးရဆိုတာက လူများစုရဲ့ မဲဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ထားတာကို ဆိုလိုတာပါ။ ကိုယ်စားပြုစနစ်နဲ့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရွေးချယ်အတည်ပြုမှုရှိတဲ့ အစိုးရကသာ တရားဝင်မှုအပြည့်ရှိတာကို ဆိုလိုတာပါ။ ဒီနေရာမှာ တရားဝင်မှု  Legitimacy ဆိုတာကို လေးနက်ဖို့လိုပါတယ်။ စစ်တပ်နဲ့ရဲကို ကိုင်ထားတိုင်း နိုင်ငံကို စိုးမိုးထားတိုင်း တရားဝင်မှု မရှိပါဘူး။ လူထုရဲ့သဘောဆန္ဒနဲ့အညီသာ အစိုးရတရပ်က ဖြစ်တည်ရမှာပါ။ လစ်ဘရယ်ဒီမိုကရေစီကို အစောဆုံးဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ သောမတ်စ်ဟော့ဘ်စ် (၁၅၈၈-၁၆၇၉ ) က “အစိုးရဆိုသည်မှာ အုပ်ချုပ်ခံ၏ သဘောတူညီမှုအရသာ ဖြစ်ရမည်”လို့ အစောဆုံး ရပ်ခံဖော်ထုတ်ခဲ့တာဖြစ်တယ်။ အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းပါ အချက်တွေထဲက တနေရာမှာ “လူသားအားလုံးမှာ တန်းတူညီမျှစွာ ဖန်တီးထားခြင်းဖြစ်သည်။ အားလုံးတွင် ထာဝရပြောင်းလဲခြင်းမရှိသော အခွင့်အရေးများအပ်နှင်းထားခြင်းခံရသည်။ စသော သက်သေပြရန်မလိုသည့် အမှန်တရားမျိုးပါဝင်သည်။  ၄င်းအပြင် အစိုးရ၏တရပ်အာဏာမှာ အုပ်ချုပ်ခံပြည်သူတို့၏ သဘောဆန္ဒမှ လာခြင်းဖြစ်ပြီး အစိုးရ၏ တာဝန်မှာလည်း အဆိုပါ အခွင့်အရေးများကို ကာကွယ်ရေးရန်ပင်ဖြစ်သည်။ ထိုအယူအဆများကပင် ယနေ့ကာလအထိ ယောကျ်ား၊ မိန်းမ လူအားလုံးအတွက်  ၄င်းတို့၏ အာဏာ လက်လွှတ်ဆုံးရှုံးမသွားစေရန် စေ့ဆော်ပေးနေခြင်းပင်ဖြစ်သည်။” လို့ ဖော်ပြထားတာဖြစ်တယ်။ 

ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ကိုလိုနီလက်အောက်က လွတ်မြောက်လာတဲ့ နိုင်ငံအများအပြားမှာ စစ်တပ်တွေက အာဏာသိမ်းမှုတွေကို ကျူးလွန်ကြတယ်။ ကမ္ဘာကြီးမှာ စစ်အေးတိုက်ပွဲကာလဖြစ်နေတော့ ဒီမိုကရေစီအရေးက ဘက်နှစ်ဘက်တိုက်ပွဲကြားမှာ ရှုပ်ထွေး ဝေဝါးလာစေခဲ့တာဖြစ်တယ်။ ဒါပေမဲ့ တရားဝင်မှုဆိုတာက လက်နက်ကိုင်ပြီး အာဏာသိမ်းတိုင်း ရခဲ့ကြတာမဟုတ်ပါဘူး။ ဥပမာ တရုတ်နိုင်ငံဆိုရင် နိုင်ငံတကာ တရားဝင်မှု (ကုလသမဂ္ဂမှာ တရားဝင်နေရာရဖို့) အတွက် အနှစ် ၂၀ လောက်ကြာမှ ၁၉၇၁ ကျမှရခဲ့တာဖြစ်တယ်။ စီးပွားရေးအရဆိုရင် WTO ဝင်ခွင့်ကို ၂၀၀၁ ခုနှစ်မှ ရတာဖြစ်တယ်။ တရားဝင်မှုဆိုတာ လုပ်ယူလို့လည်းမရပါဘူး။ ၂၀၁၄ ခုနှစ်က ပူတင်က ခရိုင်မီးယားကျွန်းဆွယ်ကို ဝင်ရောက်သိမ်းပိုက်ပြီး ရုရှားပိုင်နက်အောက် သွတ်သွင်းခဲ့တယ်။ ပြီးမှ လူထုဆန္ဒခံယူပွဲလုပ်ပြီး ခရိုင်မီးယားပြည်သူထုထု ၈၀ ရာခိုင်နှုန်းလောက်က ရုရှားလက်အောက်မှာ နေလိုကြောင်း ထောက်ခံတယ်ဆိုပြီး ကြေညာတယ်။ ဒါကို ဥရောပကရော၊ အမေရိကန်ကပါ လက်မခံဘဲ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တာအခုချိန်ထိပါပဲ။

ဒါ့ကြောင့် တရားဝင်မှုဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကပဲ အများစုရရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းကသာရရှိနိုင်တာဖြစ်တယ်။ ဒီလိုစစ်မှန်တဲ့ တရားဝင်မှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့  အနိုင်ရခဲ့တဲ့ NLD အစိုးရမှာရှိပါတယ်။ မတရားတဲ့ ဖွဲ့စည်းပုံဥပဒေမျိုးကို ဖျက်သိမ်းနိုင်တယ်ဆိုတာက ဒီလိုစစ်မှန်တဲ့တရားဝင်မှုရှိတဲ့ လွှတ်တော်နဲ့ အစိုးရကသာ ဖျက်သိမ်းနိုင်တာဖြစ်တယ်။ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲနိုင်တယ်ဆိုတာကလည်း ဒီလိုလွှတ်တော်မျိုးက ဦးဆောင်မှသာ လူထုအများစုရဲ့ သဘောထားဆန္ဒတွေပါဝင်တဲ့ ထင်ဟပ်စေတဲ့  ဖွဲ့စည်းပုံမျိုးကို ရရှိမှာဖြစ်တယ်။ ဒီလိုတရားဝင်မှုရှိလို့သာလျှင်  NUG အစိုးရကို ဂျပန်၊ ပြင်သစ်စတဲ့ လွှတ်တော်တွေက လက်ခံတွေ့ကြတာဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကပါ အသိအမှတ်ပြုလာရတာဖြစ်တယ်။

စက်တင်ဘာလလောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ NUG ကို မြန်မာရဲ့တရားဝင်အစိုးအဖြစ် အသိအမှတ်ပြုနိုင်ခြေတွေအထိ ဖြစ်ထွန်းနေတာဖြစ်တယ်။ ဒါဟာ NUG သည်  လူထုကြီးတရပ်လုံးက  မဲဆန္ဒနဲ့  ရွေးချယ်ထားတဲ့ လွှတ်တော်ရဲ့ ကိုယ်စားပြုကော်မတီက ခန့်အပ်လို့ ဖြစ်လာတဲ့ အစိုးရဖြစ်တာကြောင့်ဆိုတာကို အထူးရှင်းပြစရာလို့မယ်မထင်ပါဘူး။ 

အခုလို ရှည်ရှည်ဝေးဝေးရေးနေရခြင်းအကြောင်းက တနေ့ FB မှာ တင်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ mm spring ဆိုတဲ့ဘယ်ကမှန်းမသိတဲ့ အဖွဲ့တွေက တင်လာတဲ့ပို့စ်တခုကြောင့်ပါပဲ။ 

အဲဒီပို့စ်ကို ပြန်ရှင်းထားတဲ့အထဲမှာ Sit Maw ဆိုတဲ့ပို့စ်က ရှင်းတာက အပြည့်အစုံဆုံး အထိရောက်ဆုံး၊ ချီးကျူးစရာကောင်းတဲ့လူငယ်တွေပါပဲ။ အဲဒီဆောင်းပါက Sit Maw ရေးတာကို နည်းငယ် ဖြည့်စွက်၊ ထောက်ခံတဲ့သဘောပါပဲ။ NLD အစိုးရလက်ထက်မှာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀၀ ကျော် မှတ်ပုံတင်ထားတာရှိတယ်လို့ ဆိုတယ်။  Think tank ဆိုတာတွေလည်းရှိတယ်။ အများစုက NLD အစိုးရကို အမေရိကန်မှာ ပါတီတခုအနိုင်ရသလို အင်္ဂလန်ပါလီမန်မှာ ပါတီတခုအနိုင်ရသလို ပုံစံမျိုး သဘောထားပြီး ဆီလို အပေါက်ရှာဝေဖန်ကြတယ်။ လက်တွေ့က အဲသလိုမဟုတ်ဘူး။ ISP ဆိုတဲ့ အဖွဲ့ကဆိုရင် ရှစ်လေးလုံးကစလာတဲ့ အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့စတိုရီက ခေတ်မရှိတော့ဘူးလို့တောင် ပြောင်မြောက်စွာ သုံးသပ်ခဲ့တာဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စိုင်ကော်လို့ခြုံပေါ်ရောက်တယ်ဆိုတဲ့အထိ NLD အလာဂျီတွေ ထပြခဲ့ကြတာဖြစ်တယ်။ အခုအရပ်ဘက်အဖွဲ့အစည်းမျိုးဆိုတာလဲ ဒီပုတ်ထဲက ဒီပဲတွေပဲဖြစ်နိုင်ပါတယ်။ တော်လှန်ရေးလမ်းကြောင်းက ဆက်လို့သွားနေတယ်။ အရင်နှစ်ပေါင်း ၆၀ လောက်နဲ့ မတူတဲ့စည်းလုံးညီညွတ်မှုတွေ ဘယ်လိုရနေတယ်၊ နိုင်ငံတကာ တန်းဝင်မှု ဘယ်လောက်ရှိလာတယ်။ ပြည်သူတရပ်လုံး စုစည်းညီညွတ်မှု ဘယ်လောက်ရှိတယ် စတာတွေ တခုမှ နားလည်သိဖြစ်ပုံမရပါဘူး။ နောက်ကွယ်ကနေရာလိုချင်တာလား၊ ကိုယ်ဖာကိုယ် ဘာဖြစ်ချင်မှန်းမသိတဲ့လူတစုက ဝင်ပြီး အောက်ကလိအာရရင် ပြီးရောဆိုပြီး လုပ်တာလားမသိပါ။ ဒီလိုပါပဲ ရွေးကောက်ပွဲကာလတုန်းကလည်း no vote ဆိုတာတွေရှိခဲ့သေးတာပဲ။ သူတို့အင်အားကတော့ နှစ်ယောက်တပိုင်းလောက်ပဲ ရှိတာပါ။ အခုလည်း အဲသလိုပဲဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုအယူအဆတွေက အန္တရာယ်ရှိလို့ တော်လှန်ရေးအတွက် အနှောင့်အယှက်ဖြစ်စေမှာမို့ ပြန်ရေးနေကြရတာပါပဲ။ တော်လှန်ရေးအစိုးရတရပ်ရဲ့ တရားဝင်မှုကို လျှော့နည်းအောင် လုပ်တဲ့အရာမှန်သမျှဟာ နလပိန်း၊ လူနုံ၊ လူအ၊ ကိုယ်ကျိုးသမားတွေရဲ့ အာဘော်တွေလို့ပဲ မှတ်ယူကြမှာ  ဖြစ်ကြောင်းပါ။ 

စစ်သွေးမိုးဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013