
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာအနီးမှာ ဇူလိုင် ၉ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ DKBA ခွဲထွက် ဗိုလ်မှူးကြီး စောနယ်လွန်ရဲ့ နေအိမ်ကို စစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေပြီး တော်လှန်ရေးတပ်တွေကလည်း ပြန်လည်ခုခံနေပါတယ်။
ဒေသခံတွေကတော့ ကြိုတင်တိမ်းရှောင်နေကြလို့ ထိုင်းဘက်ကို အသစ်ထွက်ပြေးလာသူ မရှိပေမဲ့ ထိုင်းအာဏာပိုင်တွေက စစ်ရှောင် လူ ၂၀၀ လောက်နေဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတယောက်က ပြောပါတယ်။










